Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Saturday, October 19, 2013

သင်.မျက်နှာပေါ်ရှိ မဲ.များမှ ပြောပြသော သင်.အကြောင်း


မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်

ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။



နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဥာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။


နံပါတ် ၎
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။ သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီး သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအား မချုပ်ကိုင်ပါစေနဲ့။

နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့ သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

နံပါတ် ၇
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။

နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀
နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့ ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင် ဖြစ်တတ်ပါတယ်။

နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင်မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။


နံပါတ် ၁၆
သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈
သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။

နံပါတ် ၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂
သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့ မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃
သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင် တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ် ၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

credit (အစ်မကြီး မီရှဲ)

Wednesday, September 11, 2013

ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား

တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကို ဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက် နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန် ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာ လဲလျောင်း နေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ ကလေးမလေး ကတော့ ထိုင်ဝမ်သူလေးပါ။

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ် အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက် အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခု ကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်း ရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက် တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက် တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။ ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင် ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလု အနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်း မှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကို ၀တ်ထားပေမဲ့လည်း အောက်ပိုင်း ဗလာ ဖြစ်နေပြန် ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက် ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီး ပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှ မကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုး ဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန် ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲ စည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ

ရွှေသတင်းသစ် 




Thursday, August 29, 2013

မြန်မာနိုင်ငံအပေါ်အပြစ်မြင်နေသော ကင်တားနား

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စ တာကင်တားနားတစ်ယောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန် မှန်ကန်ကန်ဆောင်ရွက်ရန် အပြုသဘောဆောင်ပြောကြားဖို့ မြန်မာ နိုင်ငံ ကို ရောက်ရှိလာပါတယ်။ သို့သော် ကင်တာနားကိုရောက်တဲ့နေရာတိုင်းမှာ ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂ ရဲ့ကိုယ်စားလှယ်လို့ နာမည်တပ်ထားပေ မယ့် ကင်တာနားဟာ မွတ်ဆလင်တွေရဲ့ကိုယ်စားလှယ်သာ ဖြစ်တယ် လို့ ဒေသခံတွေက ထင်နေတဲ့အတွက် ဆန္ဒပြခဲ့ကြတာပါ။

မိတ္ထီလာ ရောက်တော့လဲ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေ ကိုပြောချင်လွန်းလို့၊ ပြောခွင့်မရခဲ့ရင်လဲ အိတ်ဖွင့်ပေးစာပေးဖို့ သူ့ကားအ နားကို ကပ်ခဲ့ကြတာပါ။ ဟုတ် မဟုတ်၊ မှန်မမှန် မိတ္ထီလာမှာရှိတဲ့ တိုင်းရင်း သားတွေကို သွားမေးကြည့်နိုင်ပါတယ်။ ကင်တားနားပြောသလို သူ့ အတွက် လုံခြုံရေးတွေလုပ်မပေးဘူး ဆိုတာကလဲ မမှန်တဲ့စကားရပ်ပါ။ ကင်တာနားအ တွက် အစိုးရက လုံခြုံရေးတွေ အပြည့်အစုံပေးထားတာမို့ အီဂျစ်တို့၊ အီရတ် တို့ နိုင်ငံတွေမှာလို အသေခံဗုံးခွဲမှာ မစိုးရိမ်ရပါဘူး။ ပဋိပက္ခ တစ်ခုခု ဖြစ်လာ ရင် မွတ်ဆလင်တွေသာ နစ်နာတာမဟုတ်ပါဘူး။ ကျန်တဲ့ဘာသာကို ကိုးကွယ်သူတွေလည်း နစ်နာဆုံးရှုံး တာပါပဲ။

ဒီမိုကရေစီလမ်းကြောင်းနဲ့သွားနေတဲ့နိုင်ငံအတွက်ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တန့်တန့်နေပါတယ်။မြန်မာနိုင်ငံအတွင်းမှာ ဖြစ် ပျက်နေတာတွေ၊ ဆက်စပ်တွေတာ၊ တိုက်ဆိုင်မှုတွေဟာ ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေ သူတွေရှိနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်…ကင် တားနားမြန်မာနိုင်ငံကိုမလာခင် ကလေးမှာ အမျိုးသမီးတစ်ဦးအလောင်းနဲ့
ပတ်သက်လို့ မွတ်ဆလင်တွေကရဲတပ်ဖွဲ့ဝင်တွေကိုပြဿနာရှာတဲ့ဖြစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အစိုးရလူကြီးတွေက ဖြေရှင်းလိုက်လို့ ငြိမ်းအေးသွားခဲ့ပါတယ်။

ကင်တားနားမြန်မာ နိုင်ငံကနေပြန်သွားပြီးတဲ့နောက်မှာ ကန့်ဘလူမှာပြဿ နာဖြစ်ပါတယ်။ဒါလဲ မွတ်ဆလင်ဘာသာဝင်တစ်ဦးကစလို့ ဖြစ် ရတာပါပဲ။
ကင်တာနားက သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘက်လိုက်ခြင်းမရှိပါဘူး။ သူဟာတောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံသားပါ။ အာ ဂျင်တီးနားမှာ မူဆလင်အသိုင်းအ၀ိုင်းလည်းမရှိသလိုဗုဒ္ဓဘာသာ အသိုင်း အ၀ိုင်းလည်း မရှိပါဘူးလို့ပြောပါတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ ဒီပြဿ နာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာ အကြောင်း လုံးဝမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ပြောတဲ့အတိုင်းသာ သူတကယ် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာကြို ဆိုပါတယ်။






ဒါပေမယ့် ကင်တားနားဟာ မွတ်ဆလင်ဘာသာနဲ့သက်ဆိုင်ခြင်းမရှိလို့ ဘက်လိုက်ခြင်းမရှိဘူးဆိုပေမယ့် သူရဲ့ လုပ်ရပ်တွေဟာ ဘက်တစ်ဘက် တည်းကိုသာကြည့်ပြီး အစီရင်ခံစာရေးတင်တဲ့အတွက် ဒေသခံတွေက ဘက်လိုက် တယ်လို့ ယူဆခဲ့ပါတယ်။ မွတ်ဆလင်တိုင်းပြည်တွေမှာအလုပ် လုပ်ဖူးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်နှစ်ပေါင်းများစွာကြာကြာလုပ်ကိုင်ခဲ့သူဖြစ်တဲ့ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကိုယ်တိုင်က ကင်တာနား ဘက်လိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ထားပါတော့ ဘက်မလိုက်ဘူးပဲ ထားပါတော့ ..ဒါပေမယ့် အမှန် အတိုင်း ပြောသင့်တဲ့စကားတွေတော့ ကင်တားနားမပြောခဲ့ပါဘူး။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုတော့ ကင်တားနား ပြည့်ပြည့်စုံစုံမသိပါဘူး။မသိ လို့လည်း သူ့အနေနဲ့ မွတ်ဆလင်တွေအပေါ်သနားစိတ်ဝင်နေတာဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ သူတို့ အစ္စလာမ်ကိုးကွယ်တဲ့ တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မှ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ကိစ္စတွေ
ရှင်းရှင်းလင်းလင်းမြင်ပါ လိမ့်မယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခတွေဟာ မွတ်ဆလင်ဘာ သာဝင်တွေက စတင်လို့ဖြစ်ရတာကို လဲ မစ္စတာကင်တာနား ခွဲခွဲခြားခြား သိစေချင်ပါတယ်။ အဲလိုမှသိပြီး သိတဲ့အတိုင်းသတင်းထုတ်ပြန်ပေးပါ။ ဒါဟာ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ အပေါ် တစ်ခြားဘာသာဝင်တွေက အကြောင်းမဲ့ အနိုင်ကျင့်တာလုံးဝ (လုံးဝ) မရှိပါဘူး။ မွတ်ဆလင်တွေက ရန်စလို့ဖြစ်ခဲ့ရတာချည်းပါပဲ ဆိုတာငြင်းလို့မ ရတဲ့ဖြစ်ရပ်မှာ။ နောက်ပိုင်းကျမှသာ မြန်မာတွေက မခံမရပ်နိုင်ဖြစ်လွန်းလို့ လူအုပ်စုဖွဲ့ ဖျက်ဆီးမှုတွေဖြစ်လာတာပါ။ ဒါကိုလည်း အစိုးရက ဥပဒေအတိုင်း လုပ်ဆောင်နေပါတယ်။ ဘယ်ဘာသာဝင်ကိုမဆို သူကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာအရ အရေးယူအပြစ်ပေးနေပါ တယ်။

ဒါလဲအမှန်တရားပါပဲ။ ဒါတွေကို ကင်တားနား တကယ်သိတယ်ဆိုရင် မြန်မာလူထုက ကင်တားနားကို ကြိုဆို နေမှာပါ။

အမေ့အိမ်

....လင်းယုန်နှင့်နဂါး သတိထား.......


အမေရိကန်က ဆီးရီးယားကိုတွယ်တော့မယ်။

ရုရှားကဒီလိုလုပ်ရင် ကြီးစွာနောင်တ ရစေမယ်လို့ ပြင်းထန်စွာသတိပေးတယ်။

ပေါက်ဖေါ်ကြီးက အသာလေး လက်လျှိနေတယ်။

ရုရှားက သတိပေးသံနဲ့ အတူအမေရိကန်က ဆီးရီးယားကို ကြာသာပတေးနေ့  နံနက်မှာဘဲစတင် တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်လာတယ်။
ခန့်မှန်းရက် နဲ့ အလှမ်းမကွာတဲ့ ရက်ပိုင်းမှာ ဖြစ်နိုင်မယ်လို့ အများစုက ထင်နေကြတယ်။

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ လီကွမ်ယူပြောသလိုဘဲ USဟာ အနည်းဆုံး ၁၀-စုနှစ်လေးငါးခုလောက်အထိ ဆက်ပြီးဦးဆောင်သွားနိုင်တယ်လို့ တစ်ချို့ ကပြောတယ်။

ကျနော်တော့အဲ့ဒီလိုမထင်မိဘူး။

USဟာ လက်ရှိပုံစံအတိုင်းသာဆက်သွားနေမယ်ဆိုရင် မကြာခင်မှာဘဲ တရုက်ရဲ့ ရင်ဘောင်တန်း ခွါရာတိုင်းတာကို ၁၀-စုနှစ် နှစ်ခုလောက် အတွင်းမှာကို ပီပီပြင်ပြင် ခံရနိုင်သည်ဟု ယူဆမိပါတယ်။

အခုလည်းရင်ဘောင်တန်းနေတာဘဲလို့ မေးရင် မတန်းနိုင်သေးဘူးလို့ ဘဲတိုတိုနဲ့ လိုရင်းဖြေရမှာဘဲ တစ်ခြားနေရာတွေတော့မသိဘူး ရေတပ်အင်အား/ နည်းပညာမှာUSကို တရုပ်မှီဘို့ ဆိုတာအနည်းဆုံး ၁၀-နှစ်အထက်မှာ ရှိနေသေးတယ်။ လေတပ်ခြင်းယှဉ်ရာမှာလည်း လေတပ်ရဲ့  ရွှေ့ ပြောင်းနိုင်တဲ့ လေယဉ်ကွင်းတွေရဲ့ မိခင်ဖြစ်တဲ့ ရေတပ်ကိုအမှီ မလိုက်နိုင်သေးလို့  မဖြစ်နိုင်သေးပါဘူး။

သို့ သော် ယခုကဲ့သို့ သာ USအနေဖြင့် ၎င်းတို့ ၏ စင်္ကြာဝတေးမင်းတံဆိပ်ကို ကာကွယ်လိုဇောဖြင့် တိုင်းပြည်ဘဏ္ဍာငွေအမြောက်အများကို ဆုံးရှုံးခံ ကာကမ္ဘာအနှံ့ စစ်ပွဲများဆင်နွဲနေခြင်းသည် ၎င်းတို့ တိုင်းပြည်၏စီးပွားရေး နိုင်ငံရေးကဏ္ဍများတွင်မည်မျှအထိအနှုတ်လက္ခဏာဆောင်မည်လည်းဆိုသည့်အချက်သည် ၎င်းတို့ ကို တရုပ်အနေဖြင့် ကဏ္ဍာမျိုးစုံတွင် ပီပီပြင်ရင်ဘောင်တန်း ခွါရာတိုင်းနိုင်မည်လည်းဆို့ သည့်အဖြေပင် ဖြစ်လာပါလိမ့်မည်။

ပြည်တွင်းစီးပွားရေး နိုင်ငံရေးကဏ္ဍာများအပေါ် နိုင်ငံတကာတွင်စစ်ဆင်နွဲခြင်းများ၏ အနှုတ်လက္ခဏာအညွှန်းကိန်း များလျှင်များသလို နည်းရင်နည်းသလို တရုပ်သည်US အား ရင်ဘောင်တန်းနိုင်ပါလိမ့်မည်။

ဤနေရာတွင်သတိပြုရန်လိုသည်မှာ US၏ပြည်ပနိုင်ငံများအပေါ်စစ်ဆင်နွဲနေခြင်းသည်၎င်းတို့ နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍကို အမှန်တကယ် အနုတ်လက္ခဏာဆောင်/မဆောင် ဟူသည့်အချက် ဖြစ်သည်။ သာမန်အားဖြင့်ကြည့်မည်ဆိုပါက စစ်တိုက်လျင် တိုင်းပြည်ဘဏ္ဍာငွေဆုံးရှူံးသည်ဟု ယူဆဖွယ်ရာဖြစ်သော်လည်း ကမ္ဘာ့လူလည်ကြီးUSတို့ အဖို့ ၎င်းအချက်ကို ထည့်သွင်းစဉ်းစားဖွယ် ရှိ/မရှိကို မိတ်ဆွေများသာ သုံးသပ်ကြည့်ကြပါ။



ကျနော့်ထင်မြင်ချက်ကတော့ USအနေဖြင့်၎င်းတို့ ဆင်နွှဲသောစစ်ပွဲတစ်ခု၏ ကုန်ကျစားရိတ်ကို ကာမိစေမည့်အစီအမံများ မလွဲမသွေရှိနေသည့်အပြင် ၎င်းတို့ စစ်ပွဲဆင်နွှဲလိုပါက ကမ္ဘာပေါ်ရှိ မည်သည့် အဖွဲ့ အစည်း/နိုင်ငံကြီးများမှကန့်  ကွတ်နေသည်ဖြစ်စေ လုံးဝဂရုမစိုက်ဘဲ ဖြစ်အောင်လုပ်နိုင်သည့်၎င်းနှင့် NATOစစ်အုပ်စု၏သြဇာ အာဏာကိုအသုံးပြု၍ နိုင်ငံတကာ စီးပွားရေးနယ်ပယ်တွင် စီးပွားရေးအရ အသာစီးရယူ အမြတ်ထုတ် မှုများဖြင့် ၎င်းတို့ဆင်နွဲသော စစ်ပွဲကုန်ကျစားရိပ်များကို ကာမိစေရန် ဆောင်ရွက် နေသည်ဟုယူမိပါသည်။

တင်ပြပါUS၏စစ်ဆင်နွှဲခြင်းနှင့်စစ်အသုံးစားရိတ်ပြန်လည်ရှာဖွေခြင်းနည်းလမ်းကို တရုပ်တို့ အနေဖြင့် ကောင်းစွာရိပ်စား မိသောကြောင့်သာ US၏ ပြည်ပစစ်များ ဆင်နွှဲနေခြင်းများကို ရုရှားနိုင်ငံကဲသို့  သတိပေးခြင်း ဝေဖန်ခြင်းများ ကမ္ဘာသိပြုလုပ်ခြင်းမရှိဘဲ အသာလက်လျှိုနေသည်ဟု ထင်မြင် ယူဆဖွယ်ရာဖြစ်ပါသည်။

တရုပ်တို့ အနေဖြင့်US၏ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနေမှုကိုထိန်းချူပ်နိုင်ရန်နှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ ပေါ်တွင်တရုပ်၏သြဇာအာဏာကျယ်ပြန့် လာစေရေး မဟာဗျူဟာ အနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် စီးပွားရေးအရ ကြိုတင်လက်ဦးမှု ရယူပြီး ၎င်းတို့ ကို့ ကိုစီးပွားရေးအရ မဖြစ်မနေ မှီခိုနေရသော အခြေအနေများ ဖန်တီးကာ USဆန့် ကျင်ရေး သဘောထားများကို ကျယ်ကျယ်ပြန့် ပြန်.့ ဖြစ်ပေါ် နေစေရေး မဟာဗျူဟာကို စွဲကိုင်လျက် တစ်ချိန်တွင် ကိုဆိုဗိုရှိ တရုပ်သံရုံး မှားယွင်း ဗုံးကြဲခံခဲ့ရမှု အကြွေးကို ပြန်ဆပ်နိုင်ရန် ကြံစဉ်နေမည်မှာ အသေအခြာပင်ဖြစ်ပါသည်။

အချူပ်အားဖြင့်တင်ပြလိုသည်မှာ ကျနော်တို့ နိုင်ငံအနေဖြင့် တင်ပြပါနိုင်ငံကြီးနှစ်ခု၏ အထူးအာရုံစိုက် ခြင်းကိုခံနေရသည့် ယခုလိုအချိန်မျိုးတွင် အကွက်ရွှေ့ မှားလျင် အစားခံရမည့် အခြေအနေ မှန်သမျှကို ရှင်းရှင်းလင်း နားလည်သိမြင်ကြပြီး တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးကိုအရေးတကြီး ၊အဆောတလျင် တည်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းတင်ပြ အပ်ပါတယ်ခင်ဗျာ။

ကျွဲနှစ်ကောင်ခတ်သည့်ကွင်း - မြန်မာပြည်မဖြစ်ပါစေနှင့်ဟု ဆန္ဒပြုလျက်

ငြိမ်းချမ်းလူ

Wednesday, August 28, 2013

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်

၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာတိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။

>ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

Today Myanmar

မိဘမဲ့ ကလေးငယ်တွေ..ကူညီကြစို့ ....

ကမ္ဘာကြီးပေါ်မှာရှိနေတဲ့ ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရရှာတယ် သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။

ကျွန်တော်တို့ နေထိုင်ရာမြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေကြဆဲပါ၊

အမိအဖမဲ့ ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။

ကမ္ဘာကြီးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်
မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့အစွမ်းအစလေးတွေနဲ့ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့မရပါဘူး။
ဒီလိုမျိုးအရေးပါလှတဲ့နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ-

ဘာကြောင့်များကျွန်တော်တို့ ပစ်ပယ်မိနေကျတာလဲ?

ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ?

ဘာကြောင့်များ အကူအညီအလုံအလောက်မပေးနိုင်ရတာလဲ?


ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ချစ်တဲ့ ကလေးလေးတွေအတွက်
ကျွန်တော်တို့ တွေ အကူညီပေးကြရအောင်လား....

သူငယ်ချင်းတို့ ပတ်ဝန်းကျင် မှာဘဲဖြစ်ဖြစ် အနီးနားမှာဘဲ ဖြစ်ဖြစ် .. ကြုံကြိုက် လို့ဘဲဖြစ်ဖြစ် သူတို့လေးတွေ ရှိတဲ့နေရာ ကို ရောက်ဖြစ်ခဲ့ ရင် တတ်နိုင်သလောက် ကျွန်တော်တို့ ကူညီကြရအောင်...




စိတ်ကူး..မေမေ
=========
ကျမ..အမေ..ဆိုတာသိတတ်တဲ့ အရွယ်ရောက်လာ..
အတွေးစိတ်ကူးအမေ ကိုပြောပြချင်တယ်အမေ၊၊

နေ့စဉ်မနက်ခင်းမိုးလင်းတိုင်း အဖြူအစိမ်းလေးဝတ်လို့ 
ကျောင်းကိုသွားတိုင်းအားလုံးကအမေတွေကိုယ်စီနဲ့ 
အမေ့လက်ကိုတွဲလို့ ပျော်ရွှင်မြူးတူးစွာကျမငေးကြည့်မိတယ်အမေ။

သူငယ်ချင်းကပြောတယ်သူကတော့အမေရှိလို့ သာ
သူ့ ဘ၀ဟာပြီးပြည့်စုံနေပျော်နေပါသတဲ့ ။

ကြည်အေးချိုမြအမေရဲ့ မျက်နှာကိုမြင်ဘူးချင်ပါတယ်။
အမေ့ လက်ကိုတွဲပြီးကျောင်းကိုသွားချင်တယ်။

အမေ့ရင်ခွင်မှာခိုဝင်ပြီးချော့သိပ်မဲ့ သီချင်းသံကို
နားထောင်ရင်းညအိပ်ယာပုံပြင်၊အတွေးမပီမသ
ငြိမ်းချမ်းစွာအိပ်ခွင့် ရချင်တယ်။

ငယ်စဉ်အမေ၀ါးကြွေး၊အမေခွံကျွေးမဲ့ 
ထမင်းတလုပ်လောက်တော့ကျမစားဖူးချင်တယ်အမေ။

သူငယ်ချင်းပြောတဲ့ နေပျော်စရာကောင်းတဲ့ဘ၀ကို
တခါလောက်တော့ရဖူးချင်တယ်။

တစ်ရက်လေးဘဲဖြစ်ဖြစ်၊တမနက်ခင်းလေးဘဲဖြစ်ဖြစ်
တွေ့ ပါစေ...မေမေ


ကျမအရမ်းကိုကျေနပ်မိမှာပါ။
မေမေရေဘယ်မှာလဲ..ကျမစိတ်ကူးမိတယ်မေမေ...

(ဘ၀ထပ်တူမိဘမဲ့ ကလေးများသို့ )

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

မြန်မာနှင့် ခွေးမဝင်ရ

“လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် ပညာရေး နိမ့်ကျမှုကြောင့် အလုပ်ရရှိရေး အဆိုများကို လွှတ်တော်သို့ တင်သွင်းမည်” ဟူသည့် သတင်းကို ဖတ်လိုက်ရပါသည်။ (မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားကြောင်း (၂၁-၈-၂၀၁၃) ရက် စွဲထုတ် မြန်မာ့ပို့စ်မှာ တွေ့မိပြီး ပြုံးမိလိုက်ပေသည်။ အဲဒီအဆိုပါ ပုဂ္ဂိုလ်က လူငယ်တွေနှင့် ပတ်သက်ပြီး ဘယ်လောက်အထိ၊ ထိတွေ့ ဆက်ဆံနေသလဲ ဆိုတာတော့ ကျွန်တော် မသိပါ။ ကျွန်တော် ကတော့ မန္တလေးမှာ နည်းပညာ သင်တန်းကျောင်းတစ်ခု ဖွင့်ပြီး လူငယ် တော်တော်များများ ကို လုပ်ငန်းခွင်ထဲ အလုပ်ရသည်အထိ ပို့ပေးနေသည့် အင်ဂျင်နီယာ၊ ကျောင်းအုပ်ကြီး တစ်ယောက်မို့ လူငယ်တွေ အကြောင်း ကောင်းကောင်း သိထားသူ တစ်ဦး ဖြစ်ပါသည်။

ကျွန်တော်တို့ မန္တလေးက မြန်မာလူငယ်များ သိပ်ဟန်မကျလှ။ အရည်အသွေး၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်၊ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား၊ အလုပ် လုပ်ချင်စိတ်၊ စည်းကမ်း လိုက်နာမှု ဘာတစ်ခုမျှ မစွံ။ အလုပ် ရရှိဖို့ လွှတ်တော်က စီစဉ်ပေးတော့ရော မြန်မာ လူငယ်တွေက ဘာတတ် လို့လဲ။ ဘာတွေ လုပ်တတ်ကြလို့လဲ။ အတတ်ပညာ ဘာမှမရှိ။ ကျောက်ပွဲလိုလို၊ ဘောလုံး ပွဲလိုလို၊ နှစ်လုံးထီလိုလို၊ ဟိုလိုလို၊ ဒီလိုလိုနဲ့ ယောင်ခြောက်ဆယ်တွေသာ များသည်။ တစ်ခါတလေ ရှေ့က မော်တော်ဆိုင်ကယ် စီးသွားရင်း၊ ကွမ်းသွေးတွေ ကို ဘေးတိုက် လေထဲ လှမ်းထွေးလို့၊ နောက်က ကျွန်တော့်မျက်နှာ ကွမ်းသွေးတွေ ရွှဲခဲ့ဖူးတာလည်း အကြိမ် မနည်းတော့။ ဆိုင်ကယ်စီးရင်း ဦးထုပ် မဆောင်းကြလို့ မျက်စိရှေ့ ပိုးစိုးပက်စက် သေသူတွေလည်း မနည်းတော့။ မြင်ရ တွေ့ရတာ စိတ်မချမ်းသာ။ အပျော်အပါး ကျတော့ ရှေ့ဆုံးက။ ဝါဆိုလပြည့်ဆို ပြင်ဦးလွင်ကို ဆိုင်ကယ်တွေနဲ့ အုပ်လိုက် တက်ကြ။ မူးကြ ရူးကြ။ သင်္ကြန်ဆိုလည်း မူးရူးပြီး လဲကြ ကွဲကြ။ တောင်ပြုန်းဆိုလည်း မလွတ်လိုက်ရ။ ခါးချိုးပြီး အလုပ် လုပ်တဲ့ လူငယ်တွေ မရှိကြတော့။ တရုတ်၊ ဂျပန် လူငယ်တွေ အလုပ်ကို အရူးအမူး လုပ်ကိုင်နေတဲ့ အချိန်မှာ မြန်မာ လူငယ်တွေက အပျော်အပါး လိုက်စားပြီး အလေလိုက် ကောင်းနေကြတုန်း။ မိဘတွေက သင်တန်း တက်ခိုင်းလို့သာ တက်ကြသည်။ ကျွန်တော့် သင်တန်းဆင်းလို့ အလုပ်ထဲ ဝင်မည့်သူ စာရင်းပေးပါ။ အလုပ်ခန့်မယ်ဆိုတော့ လူ (၁၀၀) မှာ (၁၀) ယောက်တောင် မရှိ။ အဲဒီ လုပ်တဲ့ (၁၀) ယောက်ကလည်း နောက် နှစ်လလောက် ရှိတော့ သုံးယောက်လောက်ပဲ ကျန်တော့တယ်။ တကယ် လုပ်စားရတော့ ပင်ပန်းပြီး ထွက်ပြေးကြရော။

အမှန်တော့ လူငယ်တွေ အလုပ်မရှိတာ မဟုတ်။ အလုပ် လုပ်ချင်စိတ် မရှိကြတာပါ။ သူတို့က အတတ်ပညာ ကျွမ်းကျင်အောင် သင်ယူ လေ့ကျင့်ပြီး ကျွမ်းကျင် ပညာရှင်များဖြစ်အောင် ကြိုးစားချင်စိတ် မရှိကြ။ အလုပ် လုပ်ဖို့ ချော့ခေါ်နေတာတောင် မလုပ်ကြပါဘူး။ အလုပ်လုပ်ပြီး ချမ်းသာချင် ကြတာ မဟုတ်ဘူး။ အချောင်လိုက်ပြီး ချမ်းသာချင်စိတ်တွေ များနေကြတာ။

တစ်ခါတုန်းကလည်း B.E ဘွဲ့ရ လူငယ် အုပ်စု တစ်စု ကျွန်တော့် သင်တန်းကျောင်းကို ရောက်လာကြ ပါတယ်။ အင်ဂျင်နီယာ ဘွဲ့ရတွေပါ။ လျှပ်စစ်၊ စက်မှုနဲ့ ဘွဲ့ရတွေ ဖြစ်ပါတယ်။ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော။ “သူတို့ အလုပ် မရှိကြလို့ ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက အဖြေရှာပေးပါ” ဆိုပြီး ရောက်လာကြ တာ ဖြစ်ပါတယ်။ အိုကေပေါ့။ ဆွေးနွေးပွဲလေး စတော့ ကျွန်တော် မေးတယ်။ သူတို့ကို ဘာဘွဲ့တွေ ရသလဲ။ တစ်ယောက်ချင်းစီ ထဖြေတယ်။ B.E တွေ၊ B.Tech တွေ ချည်းပဲ။ ကျွန်တော်က တစ်ယောက်ချင်းစီကို ဆက်မေး ပါတယ်။ “မင်းဘာလုပ်တတ်သလဲ၊ ဆရာ ချက်ချင်း အလုပ်ထဲ သွင်းပေး မယ်” လို့ ပြောပါတယ်။ ကား ပြင်တတ်သလား၊ အဲယားကွန်း ပြင်တတ် သလား၊ အီလက်ထရွန်နစ် ပစ္စည်းတွေ ပြုပြင်တတ်သလား၊ 

ဂဟေ ဆော်တတ်သလား၊ တွင်ခုံ ကိုင် တတ်သလား။ ဟာ ! ဘယ်သူမှ ဘာမှကို မလုပ်တတ်ကြတာ။ ရှက်ပြုံးလေးတွေ ပြုံးပြီး “မတတ်ပါဘူး ဆရာ” ဆိုတဲ့ စကားကိုပဲ ဖြေကြပါတယ်။ ဒါကလည်း သူတို့လေးတွေ အပြစ် မဟုတ်ပါဘူး။ G.T.U ကျောင်းတွေကို ကွမ်းယာဆိုင် ပေါသလို ပေါအောင် ဖွင့်ပြီး လက်တွေ့ မပါတဲ့ မြန်မာပြည်ရဲ့ ‘အမြုံပညာရေးစနစ်’ ကြောင့် ကလေးတွေ ဘာမှ မတတ်ကြတာပါ။ ဒီအထိတော့ သူတို့မှာ အပြစ်ပြောစရာ မရှိပါဘူး။ ကျွန်တော်က ဆက်ပြောပါတယ်။ ဘွဲ့ရ ပညာမတတ်တွေကို အခုဆရာ့ နည်းပညာကျောင်းမှာ လာတက်ကြပါ။ စောစောက မေးတဲ့ မင်းတို့ မတတ်ဘူးဆိုတဲ့ ပညာတွေ အားလုံးကို အခမဲ့ သင်ပေးမယ်။ သင်ပြီးလို့ လေ့ကျင့်ရေး ကာလတွေ ပြီးရင် အလုပ်ပါ ခန့်ပေးမယ်။ လုပ်မယ့် သူ စာရင်းပေးကြပါ ဆိုပြီး စာရင်းကောက်တော့ တစ်ယောက်မှ စာရင်းမပေး ကြပါဘူး။ တကယ့် ကိုယ်တွေ့ပါ။ သူတို့က ဘွဲ့လက်မှတ် ပြပြီး အရာရှိ လုပ်စားချင်နေကြတာ။ တကယ့် အင်ဂျင်နီယာ အတတ်ပညာ တတ်အောင် သင်ပြီး လက်ကြောတင်းအောင် အလုပ် လုပ်ချင်ကြတာမှ မဟုတ်ဘဲ။ အချောင် ကြီးပွားချင်တဲ့ စိတ်ပဲ ဖြစ်နေကြတာကို စစ်ဆေး တွေ့ရှိလိုက် ရပါတယ်။ သက်သောင့်သက်သာ နေချင်တဲ့ စိတ်ကသာ ကြီးစိုးနေကြ ပါတယ်။ ပြီးတော့ အလုပ်မရလို့ ဆိုပြီး တခြားကို အပြစ်တွေ တင်ကြရော။

အဲဒီတော့ အရည်အချင်း မရှိတဲ့ လူငယ်တွေကို အရည်အချင်း ရှိလာအောင် အရင် လုပ်ပေးကြပါဦး။ လွှတ်တော်ကို နောက်မှ တင်ကြပါ။ အရည်အချင်းတွေ ရှိပြီး လုပ်တတ်၊ ကိုင်တတ်တွေ ဖြစ်လာကြရင်လည်း အလုပ်ကို ချစ်တဲ့စိတ်၊ အလုပ်လုပ်ပြီး ရတဲ့ ချွေးနှဲစာကို တန်ဖိုးထားတတ်တဲ့ အတွေးအခေါ် တွေ ရှိအောင်လည်း လူငယ်တွေကို အရင် သင်ပေးကြပါဦး။ တစ်ခါလာလည်း လွှတ်တော်တင်၊ နောက်တစ်ခါလာလည်း လွှတ်တော်တင်။ အဲဒီတင်တဲ့ လူတွေက လူငယ်တွေအတွက် ဒီအသက်အရွယ်အထိ ဘာတွေများ ပေးဆပ်ပြီးခဲ့ကြပြီလဲလို့ မေးလိုက်ရင် ပြောရဲပါတယ်၊ အဲဒီလူတွေ တောင်းဆိုတာက လွဲပြီး ဘာမှ မပေးဖူးတဲ့ လူတွေပဲ ဆိုတာ သေချာ ပြောရဲပါတယ်။ Pain and Blame Game ဒါတွေပဲ။ အဖွဲ့အစည်းတွေကလည်း မပြေလည်မှုတွေ ညည်းညူကြ၊ နာကျင်ကြေကွဲ ကြ။ တစ်ဖွဲ့က အခြား တစ်ဖွဲ့ကို အပြစ်တင်ကြ။ ပြည်သူက အစိုးရ လွှဲချ။ အစိုးရက ပြည်သူတစ်ခါ ပြန်လွှဲချ။ ဂျာနယ်တွေကလည်း အဖြေ မပေးဘူး။ ပုစ္ဆာတွေ ပိုရှုပ်ပြီး ပိုခက်အောင် ဖွပေးကြ။ လူငယ်တွေ ပျက်စီးနေလို့ မပျက်စီးအောင် ဘာတစ်ခုမှ လုပ်မပေးကြတာကို တွေ့ရပါတယ်။ အနုပညာသမားတွေကလည်း ဝိုင်းဝန်း ဝေဖန် ထောက်ပြတဲ့ အလုပ်၊ လှောင်ပြောင် သရော်တဲ့အလုပ်၊ အတင်းပြောတဲ့ အလုပ်၊ သမိုင်းကို ပြန်ရစ်ကြည့်တဲ့ အလုပ် ဒါတွေပဲ လုပ်နေကြတယ်။ ကိုယ်တတ်နိုင် သလောက် မြန်မာစာ တတ်ရင် မြန်မာစာ လိုက်သင်ပေးပေါ့။ အင်္ဂလိပ်စာ တတ်ရင် အင်္ဂလိပ်စာသင် ပေးပေါ့။ လက်သမား တတ်ရင် လက်သမား ပညာတွေ သင်ပေးပေါ့။ စက်ချုပ်၊ ပန်းထိုး၊ ကြိမ်ထိုးတတ် ရင် တတ်တာတွေ သင်ပေးပေါ့။ အခုတော့ ဟောပြောကြ၊ ရေးကြသားကြနဲ့။ အလုပ်ကို လက်တွေ့ ဘယ်သူမှ မလုပ်ကြပါဘူး။ အလုပ်မပါ အပြောသက်သက် သမားတွေချည်းပဲ။

ဒီလိုနဲ့ တိုင်းပြည်က စုတ်ပြတ်နေပြီ။ ဒီလို အတိုင်းသာ ဆက်သွားနေရင်တော့ တစ်ချိန်တုန်းက ဟစ်တလာရဲ့ နာဇီတွေ ပိုင်တဲ့ ဆိုင်မှာ ဆိုင်းဘုတ်တွေ ချိတ်ခံခဲ့ရတာ ဖတ်ဖူး၊ တွေ့ဖူးတယ်။ ဂျူးနဲ့ ခွေးမဝင်ရတဲ့။ အဲဒီတုန်းက ရုပ်ရှင်မို့ သိပ်မခံစားရဘူး။

အခုတော့ ရင်ထဲမှာ ပူလှပြီ။ နောင်ဆိုရင် ကျွန်တော်တို့ မြန်မာ လူငယ်တွေ အပျင်းထူပုံ၊ စည်းကမ်းမဲ့ပုံ၊ အရည်အချင်းမရှိဘဲ အပျင်းကြီး အကောင်း ကြိုက်ပုံတွေကြောင့် နိုင်ငံခြားသားတွေ ပိုင်တဲ့ လုပ်ငန်းတွေ မှာ ခွေးသာသာ နေရာက အလုပ်တွေပဲ လုပ်ကြရတော့မယ်။ အပေါက်စောင့်၊ မိလ္လာသိမ်း၊ သန့်ရှင်းရေး၊ တံမြက်စည်းလှည်း အဲဒါတွေတောင် လုပ်ခွင့်ရရင် ကံကောင်းလို့မှတ်။ တကယ်လို့များ ဂျူးတွေတုန်းကလို ‘မြန်မာနှင့် ခွေးမဝင်ရ’ လို့များ ဆိုင်းဘုတ် အတပ်ခံခဲ့ရရင် . . .။

အောင်စိုးဦး (မြင်းခြံ)
The Voice Weekly

သွားတိုက်ဆေး အသုံးဝင်ပုံ

(၁)ရေစက်ခေါင်းတွေ ပြောင်လက်တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင်ပါတယ်။

(၂)မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။

(၃)အဝါရောင်သမ်းနေတဲ့ အိမ်သုံးပစ္စည်းတွေကို အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက်ပေးရင် အရောင်လက်စေပါတယ်။

(၄)မီးဖိုပေါ်က မည်းညစ်နေတဲ့ ဆီချေးတွေကို ရေနွေးနဲ့အရင်လောင်းပြီး သွားတိုက်ဆေးထည့်ထားတဲ့ အဝတ်စနဲ့ပွတ်တိုက်ပေးနိုင်ပါတယ်။

(၅)ငါးကိုင်ပြီးနောက် လက်မှာငါးညှီနံ့တွေ စွဲနေရင် သွားတိုက်ဆေးနဲ့ ဆေးပေးနိုင်ပါတယ်။

(၆)လက်မှာဆီချေး၊ ဆေးကြောရခက်တဲ့ ဆီ၊ မင်တွေစွန်းပေခဲ့ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောနိုင်ပါတယ်။

(၇)အင်္ကျီလက်ဝ၊ ကော်လံတွေမှာ ချေးတွေပေးပြီး ဆေးကြောရခက်ခဲ့ရင် သွားတိုက်ဆေးအရင်ပွတ်ပေးပြီး ဆေးကြောပေးနိုင်ပါတယ်။

(၈)စီးတာကြာလို့ အဝါရောင်သမ်းလာတဲ့ ဖိနပ်အဖြူရောင်တွေကို အရင်ဆေးကြောပြီး သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။

(၉)လက်နှိပ်ဓာတ်မီး အသုံးကြာလို့ အလင်းပြန်တဲ့မျက်နှာပြင် ဝါသွားခဲ့ရင် သွားတိုက်ဆေး ၃~၅မိနစ်ခန့် ပွတ်ထားပြီး အဝတ်စနဲ့သုတ်ပေးနိုင်ပါတယ်။

(၁ဝ)မတော်တဆအပူလောင်တဲ့ ဒဏ်ရာကို သွားတိုက်ဆေးပွတ်ပေးရင် အနာသက်သာစေနိုင်ပါတယ်။ သွေးထွက်တဲ့ဒဏ်ရာတွေကို သွားတိုက်ဆေးနဲ့ အရင်ဆေးကြောပြီး ထပ်ပွတ်ထားပေးရင် အနာခြောက်လွယ်စေပါတယ်။

(၁၁)တူးနေတဲ့မီးပူအောက်ခြေ ပြောင်လက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၂)ရောင်အမ်းတဲ့ အနာတွေ အရောင်လျော့ချင်ရင် သွားတိုက်ဆေး လိမ်းထားပေးနိုင်ပါတယ်။

(၁၃)မိုးဒဏ်၊ လေဒဏ်ကြောင့် အရောင်လွင့်နေတဲ့ ကားတံဆိပ်တွေ ပြောင်လက်ချင်ရင် သွားတိုက်ဆေး ပွတ်တိုက်ပေးနိုင်ပါတယ်။ ခြစ်ရာရှိတဲ့ ကားမှန်၊ ကားဘော်ဒီတွေကိုလည်း သွားတိုက်ဆေးပါတဲ့အဝတ်နဲ့ မိနစ်အနည်းငယ်ကြာပွတ်တိုက်ပေးပြီး အဝတ်သန့်နဲ့ ထပ်ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၄)အိမ်နံရံပေါ်က ကလေးတွေဆွဲခြစ်ထားတဲ့ ခဲတံ၊ ဘောလ်ပင်၊ မြေဖြူ အရစ်အကြောင်းခြစ်ရာတွေ ဖျက်ချင်ရင် အဝတ်စမှာ သွားတိုက်ဆေးထည့်ပြီး အလွယ်တကူဖျက်နိုင်ပါတယ်။

(၁၅)လက်ပတ်နာရီမှန်ခွက်ပေါ်က အရစ်အကြောင်းပျောက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်သလို စီတီခွေမျက်နှာပြင်က အရစ်အကြောင်းတွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး မိနစ်(၂ဝ)ကြာပွတ်တိုက်ပေးရင် အရစ်တွေပျောက်နိုင်ပါတယ်။

(၁၆) မည်းညစ်နေတဲ့ မှန်တွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်တိုက်နိုင်ပါတယ်။

(၁၇) နံရံပေါ် ပန်းချီကားတွေကို သွားတိုက်ဆေးနဲ့ ကပ်ရင် ပိုခိုင်ခန့်တဲ့အပြင် နံရံကိုလည်း မပျက်ဆီးစေပါဘူး။ ပန်းချီကားကို နံရံပေါ်ကခွါချင်ရင် ကပ်ထားတဲ့နေရာကို ရေဆွတ်ပြီး အလွယ်တကူခွါနိုင်ပါတယ်။

သွားတိုက်ဆေးကို သွားဖြူဖွေးသန့်ရှင်းဖို့ အသုံးပြုရုံတင်မက အထက်ကနည်းအတိုင်းလည်း စမ်းသပ်အသုံးပြုနိုင်ပါတယ်။ လက်တွေ့မသုံးဖူးတော့ မှန်မမှန်မသိပါဘူး။ အီးမေးလ်ကရတဲ့ သွားတိုက်ဆေးအသုံးဝင်ပုံကို ဘာသာပြန်လိုက်ပါတယ်။ မေးလ်ပို့ပေးတဲ့ ထိုင်ဝမ်ကသူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။

Myanmar new updates

အခြေခံဥပဒေကပေးသော အခွင့်အရေးကို ပြည်သူများအမှန်တစ်ကယ်ရရှိခံစားစေလို

လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်နှင့်စပ်လျဉ်း၍ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည့် အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၏ ပုဒ်မ - ၃၉၆ တွင် ပြဋ္ဌာန်းထားပြီး ထိုပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရန် အခြေခံဥပဒေပုဒ်မ - ၃၉၇ တွင် ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်သူများလေ့လာသိရှိ အကြံပြုနိုင်ရန်အတွက် ၃၀-၈-၂၀၁၂ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်ကို လေ့လာဖတ်ရှုခဲ့ရပါသည်။ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အမြန်ပြဋ္ဌာန်းရန် လိုအပ်ကြောင်းကိုလည်း ဂျာနယ်များတွင် ရေးသားဖော်ပြသည့် ဆောင်းပါးများတွင်လည်း လေ့လာဖတ်ရှုခဲ့ရပါသည်။
အခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားချက်အရ “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခွင့် ’’ သည် နိုင်ငံသားများ၏ အခြေခံဥပဒေအရ ရရှိထားသည့် အခွင့်အရေး Citizen’s Constitutional Prerogative ဖြစ်သည်ကို မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် မဲဆန္ဒရှင်များက ရွေးချယ်တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ရှိခြင်းသည်လည်း ဒီမိုကရေစီနည်းကျကျဆောင်ရွက်သည့် နည်းလမ်းလည်း ဖြစ်ပါသည်။ ထို့အပြင် အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)အရ နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သော ဥပဒေပြဋ္ဌာန်းပေးရမည်ဖြစ်ရာ ပုဒ်မ - ၃၉၆ အရ ရရှိခံစားရမည့် နိုင်ငံသားများ၏ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်အတွက် လိုအပ်သော “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ’’ ကို နိုင်ငံသားများအတွက် မဖြစ်မနေ ပြဋ္ဌာန်းပေးရမည်ဖြစ်ပါသည်။ 
အခြားနိုင်ငံများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်များပြန်လည်ရုပ်သိမ်းခွင့်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိကြပြီး လုပ်ထုံးလုပ်နည်းများမှာ ကွဲပြားခြားနားမှုရှိပါသည်။ အမေရိကန်၊ အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် ပြည်ထောင်စုအဆင့်၌ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကို မကျင့်သုံးကြခြင်းမှာလည်း ၎င်းတို့အခြေခံဥပဒေများက ထိုအခွင့်အရေးကို ပေးထားသောကြောင့်ဖြစ်သည်။ စာရေးသူမှာလည်း ဥပဒေပညာလေ့လာလိုက်စားနေသူတစ်ဦးဖြစ်၍ မိမိတို့နိုင်ငံ၏ အခြေခံဥပဒေနှင့် အခြားနိုင်ငံ များ၏ ဥပဒေများကို နှိုင်းယှဉ်လေ့လာခဲ့ပါသည်။ မတူသည်များကို နှိုင်းယှဉ်ဖော်ပြနေရလျှင် ဖော်ပြ၍ပင် ကုန်နိုင်မည် မထင်ပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအား ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပေးပို့သည့် ဥပဒေကြမ်းကို ပယ်ချနိုင်သည့်အာဏာ (Veto Power) ပေးမထားခြင်းမျိုးဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍတို့မှ ပုဂ္ဂိုလ်များကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချနိုင်သည့် အခွင့်အရေးရှိသလို လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိခြင်းမှာလည်း အာဏာများခွဲဝေသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းမှုစနစ်တို့နှင့်လည်း လိုက်လျောညီထွေမှုရှိပါသည်။
ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်တင်မြှောက်ထားသူက မိမိတို့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးနိုင်မှုမရှိဟု ယုံကြည်ခံစားရလာပါက အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ ထိုသူကို ပြန်လည်ရုပ်သိမ်းနိုင်ခြင်းမှာလည်း သဘာဝကျပါသည်။ ပြည်သူများက ယုံကြည်ကိုးစားပြီး ပြည်သူနှင့် နိုင်ငံအကျိုး အမှန်တကယ်သယ်ပိုးနေသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် ရုပ်သိမ်းလိုသူ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း မဆိုထားနှင့် ၀.၁ ရာခိုင်နှုန်းပင် ပေါ်ပေါက်လာမည်မဟုတ်ပေ။ ပြည်သူများကို ကိုယ်စားပြုသည့် ပြည်သူ့ ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေကပေးထားသော ပြည်သူများ၏ အခွင့်အရေးကို ယုံကြည်ရဲဝံ့စွာ ဖော်ဆောင်ပေးရမည့်အချိန် ကျရောက်နေပြီဖြစ်ပါသည်။ ပြည်သူများကို ထိုအခွင့်အရေးပေးလိုက်ခြင်းကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဆိုသည်မှာလည်း ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေပေးခြင်းမဟုတ်ပေ။ အမှန်တကယ်ဆိုလျှင် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုသည်မှာ လွယ်ကူသောလုပ်ငန်းစဉ်တစ်ခု မဟုတ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ 
အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြန်လည်လေ့လာသုံးသပ်ခြင်းမှာလည်း မည်သည့်အချိန်တွင် ပြီးမြောက်မည်ဟု အချိန်ကန့်သတ်ချက်မရှိသည့်အတွက် အခြေခံဥပဒေကို ပြန်လည်လေ့လာသုံးသပ်နေသည့် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ် များကို ဆိုင်းငံ့ထားခြင်းသည် အခြေခံဥပဒေအရ ပြည်သူများရရှိမည့် လုပ်ပိုင်ခွင့်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ ထားခြင်းလည်းဖြစ်ပါသည်။ သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၃၉၆ အရ ပေးအပ်ထားသည့် ပြည်သူတို့၏ လုပ်ပိုင်ခွင့်ကို ရရှိခံစားကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အခြေခံဥပဒေ ပုဒ်မ - ၃၉၇ အရ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးကို အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)နှင့်အညီ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ 

မောင်ခိုင်မာ