ပြည်သူ့လွှတ်တော်က
ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်
အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့
တောင်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။
နိုင်ငံသားတိုင်းသည် မိမိတို့ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ် ကို
ရွေးကောက် တင်မြှောက်ခွင့် ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၉ အရ
ပြန်လည် ရုပ်သိမ်းပိုင်ခွင့်လည်း ရှိသည့်အတွက် အဆိုပါ ဥပဒေ ကို ပြန်လည်
ဆွေးနွေးရန် တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏
ပေးပို့ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၂၃
ရက်နေ့က ပြည်သူ့လွှတ်တော် တွင် ဆွေးနွေးရာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း
ကော်မတီ က ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် တင်ပြချက်ကြောင့် ဆိုင်းငံ့
ထားခြင်း ဖြစ် သည်။
အဆိုပါဥပဒေကို အခြေခံဥပဒေ
ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆွေးနွေး အတည်ပြု သင့်ကြောင်း တပ်မတော်သား
ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးခဲ့သည်။
ယင်း ဥပဒေနှင့် ပတ်သက်၍
ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ်အချို့ လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော်
ကိုယ်စားလှယ်များက ပြောကြားသည်။
လွှတ်တော် ကိုယ်စားလှယ်များ
တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အစိုးရ၏ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေတွင်လည်း ထည့်သွင်း ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ
အချို့က ဆိုသည်။
The Voice
0 comments:
Post a Comment