Wednesday, August 28, 2013

ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံး မြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့  ပါဝင်လာ

ကမ္ဘာ့ဖော်ရွေမှု အရှိဆုံး မြို့ကြီး ၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNN နှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံး မြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။ CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း(Conde Nest Traveller)၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည် ဖော်ပြခြင်း ဖြစ်ကာ ဖတ်ရှုသု ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။ ''နယူးယောက်မြို့နားမှာ ရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ် ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ် ''ဟု Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
ကမ္ဘာ့ဖော်ရွေမှု အရှိဆုံး မြို့များမှာ Florianopolis(ဘရာဇီး)၊ Hobart (Tasmania) ၊ Thimpu (ဘူတန်)၊ Queenstown (နယူးဇီလန်)၊ Charleston (South Carolina) ၊ Cork(အိုင်ယာလန်)၊ Paro (ဘူတန်)၊ မန္တလေး(မြန်မာ)၊ Margaret River (သြစတေးလျ) ၊ Kilkenny (အိုင်ယာလန်)၊ Ubud Bali (အင်ဒိုနီးရှား)၊ chaingmai (ထိုင်း)၊ Christchurch(နယူးဇီလန်)၊ Dubblin (အိုင်ယာလန်) ၊ Galenal (Illinois)၊ Victoria (British Columbia) ၊ Auckland (နယူးဇီလန်) ၊ Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်) နှင့် Asheville (North Corolina ) တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားများ၏ နှစ်သက်မှု ရှိသော တိုင်းပြည် တစ်ခု ဖြစ်နေပြီး မြန်မာနိုင်ငံကို ရောက်ဖူးသူ အများစုထံမှ ပြောနေကျစကား ဖြစ်သည့် ''မြန်မာတွေက တွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။ နိုင်ငံခြားသားတွေကို အထင်ကြီး လေးစား အရေးတယူ ရှိကြပုံပါပဲ '' ဟူသော အချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်းနှင့် ကမ္ဘာကျော် သတင်းဌာနများက ရေးသား ဖော်ပြလာခြင်း ဖြစ်သည်ဟု သိရသည်။


"အိမ်ရိုက်သံ"

ဒီစာလေး ဖတ်ပေးပါအုံး၊ သိပ်ကောင်းတဲ့ စာလေးပါ၊ သူငယ်ချင်းတစ်ယောက်ဆီကရတာပါ၊ ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………

ဒီစာလေးကိုကျေးဇူးပြုပြီး ဆုံးအောင်ဖတ်ပေးပါ…. ဟိုရှေးရှေးတုန်းက အင်မတန် မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်း ရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊ မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီး သွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊ တော်တယ်ငါ့သားလို့လည်း ဆိုတယ်။ ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။

အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့ အခါ တစ်ဖက်သား ဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။ အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။

ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။

သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကို လည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်း ကောင်း မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေး ကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့ သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။

(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)

သူတော်ကောင်းတို့ရဲ့  လက္ခဏ (၁၂)ပါး

၁။ စိတ်ရှည်ခြင်း
၂။ မကြွားဝါတတ်ခြင်း
၃။ ဒေါသမလွန်ကဲခြင်း
၎။ အတ္တမာနမကြီးခြင်း
၅။ ကျေးဇူးတရားသိတတ်ခြင်း
၆။ ဂုဏ်တုဂုဏ်ပြိုင်မလုပ်ခြင်း
၇။ မိမိကိုယ်ကျိုးမကြည့်တတ်ခြင်း
၈။ သူတပါးအပြစ်ကိုစိတ်မှတ်မထားခြင်
၉။ အပြစ်မြင်အပြစ်တင်မပြောတတ်ခြင်း
၁၀။ မကောင်းမှုကိုမနှစ်သက်မလိုလာခြင်း
၁၁။ ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း
၁၂။ သီးမခံနိုင်တဲ့အထိသီးခံခြင်း

သူတော်ကောင်းတရား(၁၂)ပါထဲမှာ ကိုယ်ဘယ်လောက်ရထားပြီလဲ ကိုယ့်ကိုယ်ကိုယ်မလိမ်ညာစတမ်း ဆန်းစစ်ဝေဖန် ဖြည်ဆည်းကျင့်ကြံနိုင်စေရန် …

World of Wisdom
 

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်

၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာတိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။

>ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

Today Myanmar

မိဘမဲ့ ကလေးငယ်တွေ..ကူညီကြစို့ ....

ကမ္ဘာကြီးပေါ်မှာရှိနေတဲ့ ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရရှာတယ် သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။

ကျွန်တော်တို့ နေထိုင်ရာမြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေကြဆဲပါ၊

အမိအဖမဲ့ ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။

ကမ္ဘာကြီးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်
မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့အစွမ်းအစလေးတွေနဲ့ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့မရပါဘူး။
ဒီလိုမျိုးအရေးပါလှတဲ့နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ-

ဘာကြောင့်များကျွန်တော်တို့ ပစ်ပယ်မိနေကျတာလဲ?

ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ?

ဘာကြောင့်များ အကူအညီအလုံအလောက်မပေးနိုင်ရတာလဲ?


ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ချစ်တဲ့ ကလေးလေးတွေအတွက်
ကျွန်တော်တို့ တွေ အကူညီပေးကြရအောင်လား....

သူငယ်ချင်းတို့ ပတ်ဝန်းကျင် မှာဘဲဖြစ်ဖြစ် အနီးနားမှာဘဲ ဖြစ်ဖြစ် .. ကြုံကြိုက် လို့ဘဲဖြစ်ဖြစ် သူတို့လေးတွေ ရှိတဲ့နေရာ ကို ရောက်ဖြစ်ခဲ့ ရင် တတ်နိုင်သလောက် ကျွန်တော်တို့ ကူညီကြရအောင်...




စိတ်ကူး..မေမေ
=========
ကျမ..အမေ..ဆိုတာသိတတ်တဲ့ အရွယ်ရောက်လာ..
အတွေးစိတ်ကူးအမေ ကိုပြောပြချင်တယ်အမေ၊၊

နေ့စဉ်မနက်ခင်းမိုးလင်းတိုင်း အဖြူအစိမ်းလေးဝတ်လို့ 
ကျောင်းကိုသွားတိုင်းအားလုံးကအမေတွေကိုယ်စီနဲ့ 
အမေ့လက်ကိုတွဲလို့ ပျော်ရွှင်မြူးတူးစွာကျမငေးကြည့်မိတယ်အမေ။

သူငယ်ချင်းကပြောတယ်သူကတော့အမေရှိလို့ သာ
သူ့ ဘ၀ဟာပြီးပြည့်စုံနေပျော်နေပါသတဲ့ ။

ကြည်အေးချိုမြအမေရဲ့ မျက်နှာကိုမြင်ဘူးချင်ပါတယ်။
အမေ့ လက်ကိုတွဲပြီးကျောင်းကိုသွားချင်တယ်။

အမေ့ရင်ခွင်မှာခိုဝင်ပြီးချော့သိပ်မဲ့ သီချင်းသံကို
နားထောင်ရင်းညအိပ်ယာပုံပြင်၊အတွေးမပီမသ
ငြိမ်းချမ်းစွာအိပ်ခွင့် ရချင်တယ်။

ငယ်စဉ်အမေ၀ါးကြွေး၊အမေခွံကျွေးမဲ့ 
ထမင်းတလုပ်လောက်တော့ကျမစားဖူးချင်တယ်အမေ။

သူငယ်ချင်းပြောတဲ့ နေပျော်စရာကောင်းတဲ့ဘ၀ကို
တခါလောက်တော့ရဖူးချင်တယ်။

တစ်ရက်လေးဘဲဖြစ်ဖြစ်၊တမနက်ခင်းလေးဘဲဖြစ်ဖြစ်
တွေ့ ပါစေ...မေမေ


ကျမအရမ်းကိုကျေနပ်မိမှာပါ။
မေမေရေဘယ်မှာလဲ..ကျမစိတ်ကူးမိတယ်မေမေ...

(ဘ၀ထပ်တူမိဘမဲ့ ကလေးများသို့ )

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

အညာမြေအလှ ပန်းချီကား


လွဲရက်ပါပေတယ်.. :P

လက်ထပ်ပြီးစ ပူပူနွေးနွေးဇနီးမောင်နှံနှစ်ဦးတွင် ခင်ပွန်းဖြစ်သူ အလုပ်မှပြန်လာချိန်၌ ဇနီးဖြစ်သူက-

ဇနီး ။ ။ ရှင့်ကို သတင်းကောင်းတစ်ခု ပြောပြစရာရှိတယ်။ ကျွန်မတို့ အိမ်မှာ ကျွန်မတို့နှစ်ယောက်တည်း မဟုတ်တော့ဘူး။ သုံးယောက်ဖြစ်လာတော့မှာရှင့်။

ခင်ပွန်း ။ ။ (ခုန်ပေါက်ပျော်မြူးလျက်) ဟေး....ဒါဆို ကမ္ဘာပ်ါမှာ အပျော်ဆုံးလူကတော့ ငါကွ။

ဇနီး ။ ။ ရှင်အဲဒီလိုပျော်နေတာမြင်ရတော့ ကျွန်မဝမ်းသာပါတယ်။ မနက်ဖြန်မနက် ကျွန်မမေမေ ကျွန်မတို့နဲ့ အတူတူနေဖို့ ပြောင်းလာတော့မယ်လေ။

ခင်ပွန်း ။ ။ ' ဘာကွ '

NPE

မြန်မာ နေရှင်နယ်လိဂ် ရဲ့ ဂိုးသွင်းဘုရင်

မြန်မာ နေရှင်နယ်လိဂ် ရဲ့ ဂိုးသွင်းဘုရင် တွေအကြောင်း ပြောချင်
ပါတယ်။ထိပ်ဆုံးမှာရန်ကုန်တိုက်စစ်မှုးဆီဆာ က သွင်းဂိုး ၁၈ ဂိုးနဲ့
ဦးဆောင်နေတာပါ။နေရှင်နယ်လိဂ်ရဲ့ ဂိုးသွင်းဘုရင် စာရင်းမှာ မြန်မာကစားသမားတွေ ပါဝင်မှုဟာ နည်းပါးလှပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းက ရတနာပုံတိုက်စစ်မှုး ရန်ပိုင် ဟာ ထိပ်ဆုံး
၁၀ ဦးစာရင်းဝင်ခဲ့ဖူးပါတယ်။ဒီနှစ် ၂၀၁၃ ရာသီမှာတော့ ရှားရှားပါးပါး
မြန်မာကစားသမား တဦး ဟာ ဒုတိယ နေရာမှာ သွင်းဂိုး ၁၄ ဂိုး
နဲ့ ရပ်တည်နေပါတယ်။ကမ္ဘောဇ တိုက်စစ်မှုး စိုးမင်းဦးပါ။ထိပ်ဆုံး
၁၀ ဦးစာရင်းမှာ ကျန်ကစားတွေက နိုင်ငံခြားသား ကစားသမား
တွေပါ။

ဆရာမင်းလူကွယ်လွန်သွားတဲ.အတွက်ဝမ်းနည်းရပါတယ်

ပွဲသိမ်းခရာ မမှုတ်သေးခင်
မန်ယူရှုံးပြီလို.မပြောပါနဲ.အုံး
ကျားသစ်ဆိုတာ
အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို.အတည်ပြုနိုင်တယ်
ပိုးဟပ်တစ်ကောင်ဟာ
ခေါင်းမပါဘဲနဲ.
ရက်အတော်ကြာအသက်ရှင်နိုင်သေးဆိုပဲ
အသက်ရှူရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို.မဆိုနိုင်သေးဘူး
ငါ.နှလုံးခုန်သံယဲ.ယဲ.လေးပဲကျန်တော.လို.
မင်းသိပ်ပျော်နေလားဟင်
စိတ်ချ
နောင်ဘ၀ကျရင်လည်း
ငါမင်းကိုပဲပြန်ချစ်ဦးမှာ
တန်ဖိုးရှိတဲ.မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ပဲဟောင်းနွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်းအရသာရှိတယ်လေ။


* ဆရာ.ရဲ.ကဗျာလေးတပုဒ်ကိုမန်ယူဖန်များPageကတွေ.လို.ပြန်မျှဝေလိုက်ပါတယ်



ချန်ပီယံလိဂ် Play-off ဒုတိယအကျော့ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်


အေစီမီလန် (အီတလီ) Vs ပီအက်စ်ဗွီ (ဟော်လန်)
(၂၉ - ၈- ၂၀၁၃၊ ကြာသပတေးနံနက် ၀၁း ၁၅ နာရီ)
ပထမအကျော့ရလဒ် ပီအက်စ်ဗွီ ၁-၁ အေစီမီလန်

အေစီမီလန်၏ နောက်ဆုံးအိမ်ကွင်းနှစ်ပွဲရလဒ်
အေစီမီလန် ၀-၂ ချယ်လ်ဆီး(ခြေစမ်းပွဲ)
အေစီမီလန် ၁-၀ ဆာအော်ပေါ်လို(ခြေစမ်းပွဲ)

ပီအက်စ်ဗွီ၏နောက်ဆုံးအဝေးကွင်းနှစ်ပွဲရလဒ်
ဟီရာလက်စ် ၁-၁ ပီအက်စ်ဗွီ(လိဂ်ပြိုင်ပွဲ)
ဝါရီဂျန်ဝ-၃ပီအက်စ်ဗွီ(ချန်ပီယံလိဂ်ခြေစစ်ပွဲ)

စီးရီးအေအဖွင့်ပွဲစဉ်မှာ တန်းတက်ဗီရွန်နာကို ရှုံးနိမ့်ခဲ့တဲ့ အေစီမီလန်ရဲ့ခြေစွမ်းက စိတ်ပျက်ဖို့တောင် ကောင်းတယ်လို့ ဆိုရမှာပါ။ တိုက်စစ်က အကောင်းဆုံးပုံစံရဖို့ ရုန်းကန်နေရသလို ကွင်းလယ်ကစား သမားတွေလည်း ခြေစွမ်းကျဆင်းနေပါတယ်။ တစ်သင်းလုံးရဲ့စုဖွဲ့ပုံက ဟန်ချက်ညီဖို့ ရုန်းကန်နေရဆဲ ဖြစ်နေတာကြောင့် ဂိုးတစ်ဂိုးရဖို့ အတော်ကြိုးစားနေရပါတယ်။ ဧည့်သည်ပီအက်စ်ဗွီတို့ကတော့ နည်းပြ ကိုကူးရဲ့လက်အောက်မှာ ခြေစွမ်းတည်ငြိမ်မှုရှိနေတဲ့အပြင် ပက်ဂျီဆန်တို့လို ချန်ပီယံလိဂ်အတွေ့အကြုံ ရင့်ကစားသမားတွေ ပါဝင်နေတာကြောင့် အေစီမီလန်ကို ဒီအဆင့်မှာ ဖြုတ်ချနိုင်ဖို့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်နေပါတယ်။ ဒါကြောင့် အေစီမီလန်အနေနဲ့ အိမ်ကွင်းဆန်စီရိုမှာ ချန်ပီယံလိဂ်ကို စောစောစီးစီး နှုတ်မဆက်ရဖို့ ရေကုန်ရေခန်းကြိုးစားရတော့မှာပါ။ နှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်းက သိပ်အကောင်းကြီး မဟုတ်တာကြောင့် ဂိုးရရှိမှုအပိုင်းမှာ နည်းသွားနိုင်ပြီး အနိုင်ဆိုရင်တော့ အိမ်ရှင်အေစီမီလန်ကို ပေး ထားချင်ပါတယ်။
----------------------------------------------------------------------------
ဆိုစီဒက်(စပိန်) Vs လိုင်ယွန်(ပြင်သစ်)
(၂၉ - ၈- ၂၀၁၃၊ ကြာသပတေးနံနက် ၀၁း၁၅ နာရီ)
ပထမအကျော့ရလဒ် လိုင်ယွန် ၀-၂ ဆိုစီဒက်

ဆိုစီဒက်၏ နောက်ဆုံးအိမ်ကွင်းနှစ်ပွဲရလဒ်
ဆိုစီဒက် ၂-၀ ဂီတာဖေး (လာလီဂါ)
ဆိုစီဒက် ၂-၀ အီဘာ(ခြေစမ်းပွဲ)

လိုင်ယွန်၏နောက်ဆုံးအဝေးကွင်းနှစ်ပွဲရလဒ်
ဆိုးချော့စ် ၁-၃ လိုင်ယွန်(လီဂူး ၁)
ဂရေ့စ်ဟော့ပါးဝ-၁လိုင်ယွန်(ချန်ပီယံလိဂ်ခြေစစ်ပွဲ)

မနှစ်က အကောင်းဆုံးရှိခဲ့တဲ့ ခြေစွမ်းကို ဆိုစီဒက်တို့ ထိန်းထားနိုင်ဆဲလို့ ဆိုရမှာပါ။ ရာသီကြိုခြေစမ်းပွဲ တွေမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သလို ရာသီအစပွဲစဉ်မှာတွေလည်း အမှားအယွင်းမရှိ ကစား ထားနိုင်ပါတယ်။ မနှစ်က ခြေစွမ်းပြခဲ့တဲ့ကစားသမားကောင်းတွေကို ထိန်းထားနိုင်ဆဲဖြစ်သလို လူငယ် ကစားသမားတွေနဲ့ လူကြီးကစားတွေ အချိုးကျပေါင်းစပ်ထားတဲ့ အသင်းလူစာရင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ကစားနိုင်စွမ်းရှိနေတယ်လို့ သုံးသပ်ရမှာပါ။ ဒါကြောင့် အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကိုပဲ ထိန်းနိုင်ဖို့ကြိုးစားလာမှာပါ။ အရင်နှစ်တွေက ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ခြေစွာတတ်တဲ့ လိုင် ယွန်တို့ကတော့ ဒီနှစ်မှာ သိပ်အခြေအနေမကောင်းဘဲ ခြေစွမ်းကျဆင်းနေပါတယ်။
အိမ်ကွင်းမှာတုန်းကတောင် ထိရောက်တဲ့ဒုက္ခပေးမှု မလုပ်နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ဂုဏ်သိက္ခာအတွက် ကြိုးစားလာဖို့ရှိတဲ့အပြင် ဆိုစီဒက်ကလည်း သိပ်အားတင်ဖို့ မရှိတာကြောင့် သွင်းဂိုးနည်းနိုင်ပြီး ဆိုစီဒက်ကို ဝေးဝေးရှောင်ထားတာ ကောင်းမှာပါ။
----------------------------------------------------------------------------
ဆဲလ်တစ်(စကော့တလန်) Vs ကာရာဂန်ဒီ(ကာဇက်စတန်)
(၂၉ - ၈- ၂၀၁၃၊ ကြာသပတေးနံနက် ၀၁း၁၅ နာရီ)
ပထမအကျော့ရလဒ် ကာရာဂန်ဒီ ၂-၀ ဆဲလ်တစ်

ဆဲလ်တစ်၏ နောက်ဆုံးအိမ်ကွင်းနှစ်ပွဲရလဒ်
ဆဲလ်တစ် ၂-၂ အန်ဗာနက်စ်(လိဂ်ပြိုင်ပွဲ)
ဆဲလ်တစ် ၂-၁ ရော့စ်ကောင်တီ(လိဂ်ပြိုင်ပွဲ)

ကာရာဂန်ဒီ၏နောက်ဆုံးအဝေးကွင်းနှစ်ပွဲရလဒ်
အက်စ်တာနာ ၁-၂ ကာရာဂန်ဒီ(လိဂ်ပြိုင်ပွဲ)
ကော့ဆီ၃-၂ကာရာဂန်ဒီ(ချန်ပီယံလိဂ်ခြေစစ်ပွဲ)

နည်းပြလင်နွန်ရဲ့ ဆဲလ်တစ်ကတော့ အိမ်ကွင်းမှာ ခြေစွာသမျှကာ ဇက်စတန်မြေမှာ အရေးမလှခဲ့ပါဘူး။ ကံကောင်းလို့သာ ဒီ့ထက်ဂိုးမပြတ်ခဲ့တဲ့ ရှုံးပွဲအတွက် ပြန်လက်စားချေဖို့ စကော့တလန်သားတွေ ဆန္ဒ ပြင်းပြနေမှာပါ။ အိမ်ကွင်းမှာဆိုရင် အကောင်းဆုံးစုဖွဲ့မှုပြန်လည်ရရှိတတ်တဲ့ ဆဲလ်တစ်အတွက် နောက် တစ်ဆင့်တက်ချင်တယ်ဆိုရင်တော့ အနည်းဆုံး သုံးဂိုးသွင်းရမယ့်အပြင် ဂိုးပြန်မပေးရဖို့လည်း လိုအပ် ပါတယ်။ ကာရာဂန်ဒီကရောဆဲလ်တစ်အတွက် ထင်သလောက် လွယ်ကူပါ့မလား။ ဆာမာရက်စ် ဦး ဆောင်လာမယ့် ဆဲလ်တစ်တိုက်စစ်ပိုင်းကို ဟန့်တားဖို့ပဲ ကာဇက်စတန်သားတွေ ကြိုးစားလာမှာဖြစ် တယ်လို့ ယူဆရပြီး အိမ်ရှင်တို့ အနိုင်ရခဲ့မယ် ဆိုရင်တောင် ဂိုးတော့မများလောက်ပါဘူး။
----------------------------------------------------------------------------
ဇင်းနစ်(ရုရှား) Vs ပါကော့စ်(ပေါ်တူဂီ)
(၂၈ - ၈- ၂၀၁၃၊ ဗုဒဟူးနေ့ည ၁၀း၃၀ နာရီ)
ပထမအကျော့ရလဒ် ပါကော့စ် ၁-၄ ဇင်းနစ်

ဇင်းနစ်၏ နောက်ဆုံးအိမ်ကွင်းနှစ်ပွဲရလဒ်
ဇင်းနစ် ၃-၀ အန်ဇီ(လိဂ်ပြိုင်ပွဲ)
ဇင်းနစ် ၅-၀ နော့ဂျေလန်း(ချန်ပီယံလိဂ်ခြေစစ်ပွဲ)

ပါကော့စ်၏နောက်ဆုံးအဝေးကွင်းနှစ်ပွဲရလဒ်
အိုဟန်နက်ဆီ ၁-၀ ပါကော့စ်(လိဂ်ပြိုင်ပွဲ)
ဂွီမာရက်စ် ၂-၀ ပါကော့စ်(ခြေစမ်းပွဲ)

အကောင်းဆုံးခြေစွမ်းရရှိနေတဲ့ ရုရှားချန်ပီယံ ဇင်းနစ်တို့ဟာ ဒီနှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်အထူး ပြင်ဆင်ထားပုံပါပဲ။ ကစားခဲ့တဲ့ပွဲတိုင်းမှာ တိုက်စစ်ပိုင်းက အထူးအားရစရာကောင်းနေပြီး အသင်းသား တွေအချင်းချင်း အကောင်းဆုံးချိတ်ဆက်မှုကို တည်ဆောက်ထားနိုင်ပါတယ်။ ဟော့ခ်နဲ့ ခါဇာကော့ဗ်တို့ ရဲ့ တိုက်စစ်အတွဲက အကောင်းဆုံးနားလည်မှုရရှိနေသလို ကွင်းလယ်က အာရှာဗင်တို့ လူစုကလည်း အကောင်းဆုံးခြေစွမ်း ပြနေပါတယ်။ ပေါ်တူဂီလိဂ်ရဲ့ သာမန်ပဲရှိတဲ့ ပါကော့စ်တို့အနေနဲ့ကတော့ အိမ် ကွင်းမှာတုန်းကတောင် မယှဉ်နိုင်ခဲ့တဲ့ ဇင်းနစ်ကို ရုရှားမြေမှာ အန်တုနိုင်ဖို့ မလွယ်ကူပါဘူး။

လက်ရှိအချိန်မှာလည်း အသင်းရဲ့အနေအထားနဲ့ ရလဒ်တွေက စိတ်ပျက်လောက်စရာ ညံ့ဖျင်းနေတာမို့ ပါကော့စ်တို့ဟာ ပေးဂိုးတစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်ရဖို့များပြီး ဇင်းနစ်အတွက်ကတော့ အုပ်စုအဆင့်မှာ နေရာတစ်ခုစောင့်ကြိုနေပါပြီ
----------------------------------------------------------------------------
မာရီဘော(ဆလိုဗေးနီးယား) Vs ဗစ်တိုရီးယားပလာဇန်(ချက်)
(၂၉ - ၈- ၂၀၁၃၊ ကြာသပတေးနံနက် ၀၁း၁၅ နာရီ)
ပထမအကျော့ရလဒ် ဗစ်တိုရီးယား ၃-၁ မာရီဘော

မာရီဘော၏ နောက်ဆုံးအိမ်ကွင်းနှစ်ပွဲရလဒ်
မာရီဘော ၅-၁ ဆယ်လ်ဂျီ(လိဂ်ပြိုင်ပွဲ)
မာရီဘော ၃-၀ ကာရ်ကာ(လိဂ်ပြိုင်ပွဲ)

ဗစ်တိုရီးယား၏နောက်ဆုံးအဝေးကွင်းနှစ်ပွဲရလဒ်
ဆလိုဗက်ကို ၁-၃ ဗစ်တိုရီးယား(လိဂ်ပြိုင်ပွဲ)
နိုမို ၀-၁ ဗစ်တိုရီးယား(လိဂ်ပြိုင်ပွဲ)

ချက်မြေမှာ မရှုမလှအရှုံးပေးခဲ့ရတဲ့ မာရီဘောတို့ဟာ အိမ်ကွင်းဂျူစကီဗာ့မှာတော့ ဒီရလဒ်ကိုချေဖျက်ဖို့ ကြိုးစားလာပါလိမ့်မယ်။ မာရီဘောရဲ့ခြေစွမ်းက ကောင်းမွန်တယ်လို့ ပြောလို့ရပေမယ့် တည်ငြိမ်မှုရဖို့ တော့ အချိန်လိုနေသေးပါတယ်။ တိုက်စစ်ပိုင်းက အားရစရာကောင်းပေမယ့်လည်း နောက်တန်းက တစ်ခါတစ်ခါ ခြေစွမ်းကျဆင်းတတ်ပါတယ်။ ဗစ်တိုရီးယားရဲ့ခြေစွမ်းပိုင်းကတော့ လက်ရှိအချိန်မှာ အမှား အယွင်းနည်းနေပြီး စုဖွဲ့မှုကလည်း အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ နည်းပြဗာဘာရဲ့လက်အောက်မှာ အကောင်းဆုံးတည်ငြိမ်မှုရနေသလို ပြည်တွင်းပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေ တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပိုမိုအားစိုက်နေပုံရပါတယ်။ ဒါကြောင့် မာရီဘောတို့ နိုင်ပွဲတစ်ခုဖန် တီးနိုင်ဖို့ ကြိုးစားခဲ့မယ်ဆိုရင်တောင် နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်း ပိုင်ဆိုင်ထား တဲ့ ဗစ်တိုရီးယားတို့ဘက်က ရပ်တည်ထားသင့်ပါတယ်။
 

Mizzima - News in Burmese

အင်ဂျင်နီယာဘဝ မရခဲ့သော်လည်း နိုင်ငံကျော်ဘဝရခဲ့သူ


မြန်မာ့တူရိယာ ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံကြား တွင် ကြီးပြင်းခဲ့ရပြီး ဆိုင်းသံကြားလျှင် ကချင်သူ၊ အင်ဂျင်နီယာတစ်ဦး ဖြစ်နိုင်သည့် အခွင့်အလမ်းကို ငွေကြေးအခက်အခဲကြောင့် စွန့်လွှတ်ခဲ့ရသော်လည်း နိုင်ငံကျော်အနုပညာရှင် ဖြစ်လာသူ၊ ဇာတ်ခုံပေါ်တွင် LED Screen ကို စတင်သုံးစွဲ၍ ဇာတ်ခုံအပြင်အဆင် ခေတ်မီအောင် လုပ်ဆောင်ခဲ့သူ၊ ဇာတ်သဘင်သမားများ နားခိုနိုင် ၍ အနုပညာအလုပ်များ ...လုပ်ဆောင်နိုင်ရန် သဘင်ခြံ တစ်ခု အကောင်အထည်ဖော်နေသူမှာ မြို့ရွှေမန်းသား ဖိုးချစ် ဖြစ်သည်။

ဆိုင်းသံကြားရင် “က” ချင်သူ

သူ၏ဇာတိက ရွှေဘိုခရိုင် ကန့်ဘလူမြို့။ မွေးချင်း မောင်နှမ ခြောက်ယောက်တွင် အငယ်ဆုံးသား ဖြစ်သည်။ ဖခင်ဖြစ်သူက မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူက ကန့်ဘလူ ဘူတာ နှင့် မူလတန်းကျောင်းများတွင် ဈေးရောင်းခဲ့ရသည်ဟု သူက ပြောပြသည်။

သူငယ်တန်းမှ နဝမတန်းအထိ ကန့်ဘလူ အ.ထ.က (၃) တွင် ပညာသင်ကြားခဲ့ပြီး ဒသမတန်း တွင် မန္တလေး အ.ထ.က (၁၄) သို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့သည်။
ဖခင်ဖြစ်သူမှာ မြန်မာ့သစ်ထုတ်လုပ်ရေးမှ ဖွဲ့စည်းထားသော ကျွန်းရွှေဝါ တေးဂီတဝိုင်းတွင် ဆိုင်း ဆရာ ဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံ၊ နှဲသံများကြားတွင် ကြီးပြင်းခဲ့ရသည်ဟု သူကပြောပြသည်။ သူလေးနှစ်ခွဲအရွယ် ကျောင်းစ မတက်ခင်အချိန်ကတည်းက သစ်ထုတ်လုပ်ရေးပိုင် ကားကြီးများပေါ်တွင် သစ်သားပြားများခင်း၍ လုပ်ထား သောစင်ပေါ်တွင် သင်္ကြန်ပွဲ၊ ကထိန်ပွဲများတွင် ကခဲ့သလို၊ နဝမတန်း ရောက်သည်အထိ ဖခင်ဖြစ်သူ ဆိုင်းနှင့် အလှူ မင်္ဂလာပွဲများတွင် လိုက်လံကပြရင်း စာမေးပွဲဖြေခဲ့ရ သည်ဟု သူကဆိုသည်။

ငယ်စဉ်ကတည်းက ဆိုင်းသံကြားလျှင် ကချင်သည်မှာ မိမိဝါသနာဗီဇကြောင့် ဖြစ်သလို ဆိုင်းဆရာ အဖေနှင့် အိမ်ထောင်မကျခင် အချိန်က ရပ်ကွက်ပွဲများ တွင် အမြဲလိုလို ပါဝင်ကခဲ့သော အမေဖြစ်သူတို့၏ အနုပညာပိုးကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု သူကဆိုသည်။

ရွှေတံဆိပ်ဆုများရှင်

ဆိုင်းသံ၊ ဗုံသံကြားလျှင် မြေကြီးပေါ်မှာဖြစ်စေ၊ ခုံပေါ်မှာဖြစ်စေ၊ လှည်းပေါ်မှာဖြစ်စေ နေရာမရွေး ကလေ့ရှိသောသူက ကျောင်းကပွဲများတွင်လည်း မလွတ်တမ်း ဆင်နွှဲလေ့ရှိသည်။ ခြောက်တန်း ကျောင်းသား အရွယ်ကတည်းက နိုင်ငံတော်မှ ကျင်းပသော ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၍ နှစ်စဉ် ယှဉ်ပြိုင်ခဲ့ရာ အကပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် နှစ်ခု ရရှိခဲ့သလို အိုးစည်နှင့် ဒိုးပတ်အတီး ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ကို ရရှိခဲ့သူဖြစ်သည်။

ဇာတ်သဘင် နယ်သို့အဝင်

မန္တလေးတွင် ဆယ်တန်း အောင်မြင်ပြီးနောက် အင်ဂျင်နီယာတစ်ယောက် ဖြစ်လိုသည့်အတွက် နည်းပညာ တက္ကသိုလ်တက်ရောက်ခွင့်ရရန် ဝင်ခွင့်ဖြေသောအခါ ဝါးခယ်မတွင် သူတက်ရောက်ခွင့် ရခဲ့သည်။ သူ့ကို ချစ်ခင်သော ဆရာမ ဒေါ်ခင်မာချိုက အိမ်တွင် နေခွင့် ပေးသလို လိုအပ်သော အကူအညီများပေးသော် လည်း နည်းပညာတက္ကသိုလ်ကို ခဏသာတက်ရောက်ပြီး မန္တလေးသို့ သူပြန်လာခဲ့သည်။ နည်းပညာကျောင်းသားတစ်ယောက် အတွက် တစ်လကုန်ကျစရိတ်ဖြစ် သော ငွေကျပ် ၅၀၀၀ ရှိလျှင် အင်ဂျင်နီယာ ဖြစ်နိုင်သော်လည်း ထိုငွေပမာဏကို မတတ်နိုင်၍ သူဖြစ်ချင်သော အင်ဂျင်နီယာဘဝကို စွန့်လွှတ်ခဲ့ရသည်ဟု သူက ပြောပြသည်။

နည်းပညာတက္ကသိုလ် မှနေ၍ ရတနာပုံတက္ကသိုလ် တွင် သင်္ချာမေဂျာဖြင့် သူအဝေးသင်တက်ရောက် ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် စတင်တက်ရောက် နေဆဲအချိန်တွင်ပင် မန္တလေးမြို့ရှိ မွေးစားမိဘများ၏ အဆက်အသွယ်ဖြင့် ရွှေမန်းသူအငြိမ့်တွင် ယိမ်းမင်းသား လေးအဖြစ် သူကပြခဲ့သည်။ ဇာတ်သဘင်လောကသို့ စတင်ဝင်ရောက်စဉ် ကြုံခဲ့ရသော အခက်အခဲများကို သူက အခုလို ပြောပြသည်။ "အခက်အခဲကတော့ အဲဒီ အချိန်တုန်းက ကက်ဆက်ခေတ် ဖြစ်ပေမယ့် ကျွန်တော့်မှာ သီချင်းနားထောင်ဖို့ ကက်ဆက်မရှိဘူး။ စတိတ်ရှိုးဆိုဖို့ ရှူးဖိနပ်မရှိဘူး။ မင်းသားအဝတ်အစား ကလည်း တစ်ထည်ပဲရှိတယ်။ ချွေးစိုရင် လှန်းထားပေါ့။ လှန်းထား တဲ့အခါမှာလည်း ကြိုးလေးနဲ့ ချည်ပြီး စောင့်နေရတယ်။ ပျောက်သွားရင် ညကျ ဝတ်စရာမရှိဘူးလေ။ ကိုယ့် အဝတ်အစားကို ကိုယ်လျှော်တယ်။ ညကြေးရှင်းတဲ့ နေရာမှာလည်း ဝင်ကူတယ်။ အောက်ခြေသိမ်း ဝင်လုပ် ပေးရတယ်"

မြို့ရွှေမန်းသားဖိုးချစ်သဘင်

ရွှေမန်းသူအငြိမ့်တွင် သုံးနှစ်လောက် ကပြီးသော အခါ သူနာမည်ရလာပြီး သူ့ကိုတည်၍ ကလာသော အချိန်တွင် ရွှေမန်းသူဆိုသည့် အမည်မှာ မိန်းမဆန်သည့် အတွက် ရွှေမန်းသားဟု ပြောင်းခဲ့ကာ နောက်ပိုင်းတွင် မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ အကအလှသဘင် အမည် ဖြင့် သူဦးဆောင်၍ ကခဲ့သည်။ နာမည်မရခင် အချိန်တွင် ပရိသတ်များ၏ ခဲနှင့်ထုခြင်း၊ ဆဲဆိုခြင်းများကို သူခံခဲ့ရ သည်။ ထိုစဉ်က သူ၏ညကြေးမှာ တစ်ရက်ကို ၁၅၀၊ တစ်လ လျှင် ၈၀၀၀ လောက်သာရခဲ့သည်ဟု သူကပြော ပြသည်။

အောင်မြင်မှုမရခင် ကြိုးစားဆဲကာလတွင် ပရိသတ်သိသည့် ရုပ်ရှင်အနုပညာရှင်များ၏ အကူအညီ ကို ယူ၍လည်း သူကြိုးစားခဲ့ရဖူးသည်။ "အဲဒီတုန်းက ပဲခူးဘုရားပွဲ စကတော့ ကိုယ့်ကို ဘယ်သူမှ မသိသေးဘူး ဆိုတော့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ကိုသီဟတင်စိုး၊ ကိုရဲအောင်၊ ဦးအောင်ခိုင်တို့ကို ဖိတ်ခေါ်ပြီး ကရတယ်။ ပရိသတ်က သူတို့ကို ကြည့်ချင်လို့လာတာ ဆိုတော့ သူတို့အလှည့်ပြီးသွားရင် ဇာတ်ရုံထဲမှာ လူ ၂၀၊ ၃၀ လောက်ပဲ ကျန်တော့တယ်။ ကိုယ့်ကိုလည်း နောက်ရက် ကျတော့ ခိုင်းတာပေါ့။ အစ်ကိုတို့ပြန်သွားရင် ရုံထဲမှာ လူမရှိတော့လို့ ကျွန်တော်ရှေ့က ကပါရစေလို့ ပြောပြီး အကူအညီတောင်းတော့ သူတို့လည်း ကူညီပေးပါတယ်။ 
နောက်နှစ်ရက်လောက်နေတော့ ပရိသတ်ကလည်း ကိုယ့်ရဲ့ ကြိုးစားမှုကိုကြည့်ပြီး ကရုဏာ သက်သွားဟန် တူပါတယ်။ မအော်ကြတော့ဘူး" ဟု သူကပြောပြသည်။

ဝါသနာအရ ဇာတ်သဘင်လောကသို့ စတင် ဝင်ရောက်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ပရိသတ်များ၊ ဇာတ်သူဇာတ်သားများအပေါ် သံယောဇဉ်တွယ်ရင်း လုပ်ငန်းအပေါ် ချစ်သွားခဲ့သည်ဟု သူကဆိုသည်။ သူဇာတ်မင်းသား စဖြစ်သောအချိန်တွင် ဇာတ်သဘင် လောကအခြေအနေမှာ ခေတ်မကောင်းသော်လည်း ကိုယ်ရွေးချယ်လိုက်သော အလုပ်တစ်ခုအပေါ် အကောင်းဆုံး ဖြစ်ချင်သောစိတ်ဖြင့် သူကြိုးစားခဲ့သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးခဲ့သော နှစ်ပါးသွားအစီအစဉ်နှင့် သရုပ်ဆောင် ရတနာခင်၊ မိုးပြည့်ပြည့်မောင်တို့နှင့် ရိုက်ကူးခဲ့သော အကခုနစ်ဖြာ အနုပညာ နှစ်ပါးသွားခွေ များကြောင့် သူပိုမိုအောင်မြင် လာခဲ့ပြီး ပြက္ခဒိန်၊ တီဗီကြော်ငြာများ ရိုက်ခဲ့ရသည်။ 
အောင်မြင်လာသောသူ့ကို ဗီဒီယိုထုတ်လုပ်သူများက စာချုပ်ချုပ်ဆို၍ ရိုက်ကူးရန် ကမ်းလှမ်းကြသော်လည်း လက်မခံခဲ့ဘဲ အစ်ကိုဖြစ်သူ တည်ထောင်ထားသော ကုမ္ပဏီနှင့်သာ ပရိသတ်အတွက် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ကားများကို သူရိုက်ကူးခဲ့သည်။ နောင်တွင်လည်း ပရိသတ်အတွက် ဗီဒီယိုဇာတ်ကားများ အလျဉ်းသင့် သလို ရိုက်ကူးသွားမည်ဖြစ်သော်လည်း ဗီဒီယိုပဲရိုက်ပြီး လုံးဝဇာတ်မကဘဲ နေဖြစ်မည်မဟုတ်ဟု သူကဆိုသည်။

LED သုံး ပထမဆုံးသဘင်

မြန်မာနိုင်ငံတွင် ယခင်က သဘင်၊ ရုပ်ရှင်၊ ဂီတ ဟူ၍ သဘင်က ထိပ်ဆုံးမှရှိသော်လည်း ယခုအခါ စာနယ်ဇင်းများတွင် ရေးသားကြသောအခါ ရုပ်ရှင်၊ ဂီတ၊ သဘင်ဆိုပြီး သဘင်က နောက်ဆုံး ရောက်သွားသည့်အတွက် ဝမ်းနည်းရသည်ဟု သူကဆိုသည်။

စတင်သန္ဓေတည်ခဲ့သော အနုပညာသက်တမ်း၊ အနုပညာ၏ အစဉ်အလာနှင့် ဝါသမ္ဘာအရလည်း ရှေ့ဆုံး ကရှိပြီး ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအရှိဆုံး သဘင်က နောက်ဆုံးရောက်နေရခြင်းမှာ နည်းပညာပိုင်း နောက်ကျမှုကြောင့် ဖြစ်သည်ဟု သူတွေးမိခဲ့သည်။ သူ၏အမြင် မှားကောင်းမှားနိုင်သည်ဟု သူကဆိုသည်။

ဇာတ်ခုံပေါ်တွင် LED Screen ကို ဇာတ်သဘင် လောက၌ သူစတင်သုံးစွဲခဲ့သလို ဇာတ်ခုံ အပြင်အဆင် Lighting ပိုင်းနှင့် Sound System ပိုင်းကိုလည်း ခေတ်မီအောင် သူလုပ်ဆောင်ခဲ့သည်။ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ဖျော်ဖြေရေးမှန်သမျှကို အိမ်ထဲမှာတင် ကြည့်ရှု ခွင့်ရနေသောအချိန်တွင် ဇာတ်သဘင်မှာ အခက်အခဲ များနှင့် ပိုမိုရင်ဆိုင်နေရပြီး ရေရှည်ရပ်တည် နိုင်ရန် အတွက် ပရိသတ်များအပေါ် မေတ္တာထားပြီး ပိုမို ကြိုးစားရမည်ဖြစ်ကြောင်း သူကပြောပြသည်။

သဘင်ခြံ

ဇာတ်သဘင်လောကသားများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့နှင့် အနုပညာအလုပ် များကို စိတ်အေးချမ်းသာစွာ အနှောင့်အယှက်ကင်းကင်းနှင့် လုပ်နိုင်ဖို့ သဘင်ခြံတစ်ခုကို မင်္ဂလာဒုံ၊ ဝိုင်ယာလက် အကျော်တွင် သူအကောင်အထည်ဖော်လျက် ရှိသလို နေပူမရှောင် မိုးရွာမရှောင် ခရီးသွားလာနေရသော ဇာတ်အဖွဲ့သား များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက် သူကိုယ်တိုင်စီးရန် ကားအကောင်းစားကြီး မရှိသော်လည်း Express ကားကောင်းကောင်းတစ်စီးကို သူဝယ်ပေးထားသည်။

ဇာတ်ကရာ အရပ်များတွင် ဘုန်းကြီးကျောင်းနှင့် ဇရပ်များကို တောင်းပန်ပြီး တည်းခိုခွင့်တောင်းရသော ဇာတ်အဖွဲ့သားများမှာ လူများသည့်အတွက် အဆင် မပြေမှုတစ်ခုခု ဖြစ်လာသောအခါတွင် ဇာတ်သမားများ စည်းကမ်းမရှိဘူး ဆိုပြီး ပြောဆိုခံခဲ့ရသည့် အဖြစ်များ ကြုံခဲ့ဖူးသည့်အတွက် ဇာတ်သမားများ အနားယူသော အချိန်တွင် လုံခြုံစိတ်ချစွာ နားစေချင်သလို တီးလုံး တိုက်သော အခါတွင်လည်း ကိုယ်ပိုင်နေရာတွင် စနစ် တကျ တိုက်စေချင်ပြီး သူများအပြောအဆိုလည်း မခံစေချင် သည့်အတွက် သဘင်ခြံကို အကောင်အထည် ဖော်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ သဘင်ခြံတွင် အကခန်းမတစ်ခု၊ အသံသွင်းခန်း၊ ဇာတ်တိုက်ရန် ဇာတ်ရုံတစ်ရုံ၊ ဘောလုံးဝါသနာပါသော သူ့အတွက် ဖူဆယ်ဘောလုံးကွင်း အသေးလေးတစ်ခု ပါဝင်မည်ဖြစ်သည်။

သဘင်ခြံပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်း "ဒီခြံကို လုပ်တာက ကြီးကျယ်ချင်လို့လည်း မဟုတ်ပါ ဘူး။ ပေါ်ပြူလာ ဖြစ်ချင်လို့လည်းမဟုတ်ပါဘူး။ ကျွန်တော် ကြုံတွေ့ခံစားခဲ့ရသလိုမျိုး ကျန်တဲ့လူတွေကို မကြုံတွေ့စေချင်လို့ ကျွန်တော်နိုင်တဲ့ ဘက်ကနေ ဝင်ထမ်းတာပါ။ သဘင်ခြံက ၆၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ပြီးသွားတဲ့အခါ သဘင့်ခေါင်းစဉ်အောက်က အငြိမ့်၊ ဆိုင်း၊ မည်သည့်အဖွဲ့မဆို လွတ်လပ်စွာ လာနားလို့ ရပါတယ်။ အခကြေးငွေပေးစရာမလိုပါဘူး။ ရေဖိုး၊ မီးဖိုး ကျွန်တော် လှူပါတယ်" ဟု သူကပြောပြသည်။

ပံ့ပိုးမှုလိုတယ်

ယနေ့ခေတ် ဇာတ်သဘင်အများစုမှာ စတိတ်ရှိုး နှင့် နှစ်ပါးသွားကိုသာ အဓိကအားပြုပြီး ဇာတ်တော် ကြီးများ ကပြမှု နည်းပါးလာခြင်းကြောင့် “ဇာတ်သမား လာရင် မှတ်သားစရာ ကျန်ရမယ်” ဆိုသော ဆိုရိုးစကား မှာလည်း တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်လျက် ရှိသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဇာတ်သဘင်အများစု သည် စားဝတ်နေရေးကို အဓိကဦးစားပေး၍ လုပ်နေရ သည့်အတွက် လိုအပ်ချက်များ ရှိနိုင်ကြောင်း သူက ဆိုသည်။

သဘင်သည် သဘင်ပီပီသသဖြစ်ဖို့ ဆိုသည်မှာ ဇာတ်သမားချည်း ကြိုးစား၍မရဘဲ အသိအမှတ်ပြု ထောက်ပံ့ကူညီမှု များလည်း လိုအပ်ကြောင်းကို "ခေတ် အနေအထားအရ ကျွန်တော်တို့ ဇာတ်သမားတွေမှာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနေတယ်ဆိုပြီး ဘယ်ကမှ ထောက်ပံ့ပေးတာမျိုး မရှိဘူး။ ရုပ်ရှင်နဲ့ ဂီတဘက်မှာ ကိုယ်ပိုင်အဆောက်အအုံတွေ ထည်ထည်ဝါဝါ ရှိကြပေမယ့် ကျွန်တော်တို့သဘင်မှာ ကိုယ်ပိုင် အဆောက်အအုံတောင် မရှိဘူး။ တရုတ်ဘုံကျောင်းဘေးမှာ ကပ်နေရတာ။ သဘင်လိုဟာမျိုးက ကိုယ်ပိုင်ဇာတ်ရုံ ရှိသင့်တာပေါ့။ ပံ့ပိုးမှုလိုအပ်သလို သဘင်သမားတွေရဲ့ စိတ်ဓာတ် တွေကိုလည်း ပြောင်းလဲရမယ်။ သဘင်လောကတိုးတက် ဖို့က တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံး မှာ တာဝန်ရှိတယ်" ဟု သူကဆိုသည်။

ပွင့်လင်းမြင်သာမှုလိုတယ်

ဇာတ်သဘင်လောက မြင့်မားတိုးတက်ဖို့အတွက် သူတတ်နိုင်သလောက် ကြိုးစားသွားမှာဖြစ်သလို သဘင်ထု တစ်ရပ်လုံး ပါဝင်ရမည့်ကိစ္စ မျိုးတွင်မူ သဘင်လောကတွင် ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်းကို သူက အောက်ပါအတိုင်း ဖွင့်ဟသည်။
"ဂီတနဲ့ ရုပ်ရှင်ထက်စာရင် လူအင်အား အများဆုံးက သဘင်ပါ။ ရုပ်ရှင်သမားက ရန်ကုန်နဲ့ မန္တလေးမြို့ လောက်မှာတင်ရှိတာ။ သဘင်သမားမရှိတဲ့ မြို့နယ် တစ်မြို့နယ်မှ မရှိဘူး။ သဘင်သမား များပြီး လုပ်နိုင်တဲ့ အင်အားက နည်းနေတယ်။ သဘင်ထုအားနဲ့ သွားရမယ့် ကိစ္စတွေမှာ သဘင်ထုတစ်ရပ်လုံး ပါပြီလားဆိုတာ လုပ်နေတဲ့လူတွေ သိကြမှာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နေရာလိုချင်လို့ အလုပ်လုပ်တာလား၊ အလုပ်လုပ်ဖို့အတွက် နေရာလိုတာလားဆိုတာ စဉ်းစားရမယ်။ အခုလိုပြောတာ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးထိခိုက် ပြီး ပြောတာမဟုတ်ပါဘူး။ သဘင်လောကတစ်ခုလုံး အတွက် ပြောတာပါ"။

(သန့်ဇင်ဦး)

မြန်မာနှင့် ခွေးမဝင်ရ

“လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် ပညာရေး နိမ့်ကျမှုကြောင့် အလုပ်ရရှိရေး အဆိုများကို လွှတ်တော်သို့ တင်သွင်းမည်” ဟူသည့် သတင်းကို ဖတ်လိုက်ရပါသည်။ (မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားကြောင်း (၂၁-၈-၂၀၁၃) ရက် စွဲထုတ် မြန်မာ့ပို့စ်မှာ တွေ့မိပြီး ပြုံးမိလိုက်ပေသည်။ အဲဒီအဆိုပါ ပုဂ္ဂိုလ်က လူငယ်တွေနှင့် ပတ်သက်ပြီး ဘယ်လောက်အထိ၊ ထိတွေ့ ဆက်ဆံနေသလဲ ဆိုတာတော့ ကျွန်တော် မသိပါ။ ကျွန်တော် ကတော့ မန္တလေးမှာ နည်းပညာ သင်တန်းကျောင်းတစ်ခု ဖွင့်ပြီး လူငယ် တော်တော်များများ ကို လုပ်ငန်းခွင်ထဲ အလုပ်ရသည်အထိ ပို့ပေးနေသည့် အင်ဂျင်နီယာ၊ ကျောင်းအုပ်ကြီး တစ်ယောက်မို့ လူငယ်တွေ အကြောင်း ကောင်းကောင်း သိထားသူ တစ်ဦး ဖြစ်ပါသည်။

ကျွန်တော်တို့ မန္တလေးက မြန်မာလူငယ်များ သိပ်ဟန်မကျလှ။ အရည်အသွေး၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်၊ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား၊ အလုပ် လုပ်ချင်စိတ်၊ စည်းကမ်း လိုက်နာမှု ဘာတစ်ခုမျှ မစွံ။ အလုပ် ရရှိဖို့ လွှတ်တော်က စီစဉ်ပေးတော့ရော မြန်မာ လူငယ်တွေက ဘာတတ် လို့လဲ။ ဘာတွေ လုပ်တတ်ကြလို့လဲ။ အတတ်ပညာ ဘာမှမရှိ။ ကျောက်ပွဲလိုလို၊ ဘောလုံး ပွဲလိုလို၊ နှစ်လုံးထီလိုလို၊ ဟိုလိုလို၊ ဒီလိုလိုနဲ့ ယောင်ခြောက်ဆယ်တွေသာ များသည်။ တစ်ခါတလေ ရှေ့က မော်တော်ဆိုင်ကယ် စီးသွားရင်း၊ ကွမ်းသွေးတွေ ကို ဘေးတိုက် လေထဲ လှမ်းထွေးလို့၊ နောက်က ကျွန်တော့်မျက်နှာ ကွမ်းသွေးတွေ ရွှဲခဲ့ဖူးတာလည်း အကြိမ် မနည်းတော့။ ဆိုင်ကယ်စီးရင်း ဦးထုပ် မဆောင်းကြလို့ မျက်စိရှေ့ ပိုးစိုးပက်စက် သေသူတွေလည်း မနည်းတော့။ မြင်ရ တွေ့ရတာ စိတ်မချမ်းသာ။ အပျော်အပါး ကျတော့ ရှေ့ဆုံးက။ ဝါဆိုလပြည့်ဆို ပြင်ဦးလွင်ကို ဆိုင်ကယ်တွေနဲ့ အုပ်လိုက် တက်ကြ။ မူးကြ ရူးကြ။ သင်္ကြန်ဆိုလည်း မူးရူးပြီး လဲကြ ကွဲကြ။ တောင်ပြုန်းဆိုလည်း မလွတ်လိုက်ရ။ ခါးချိုးပြီး အလုပ် လုပ်တဲ့ လူငယ်တွေ မရှိကြတော့။ တရုတ်၊ ဂျပန် လူငယ်တွေ အလုပ်ကို အရူးအမူး လုပ်ကိုင်နေတဲ့ အချိန်မှာ မြန်မာ လူငယ်တွေက အပျော်အပါး လိုက်စားပြီး အလေလိုက် ကောင်းနေကြတုန်း။ မိဘတွေက သင်တန်း တက်ခိုင်းလို့သာ တက်ကြသည်။ ကျွန်တော့် သင်တန်းဆင်းလို့ အလုပ်ထဲ ဝင်မည့်သူ စာရင်းပေးပါ။ အလုပ်ခန့်မယ်ဆိုတော့ လူ (၁၀၀) မှာ (၁၀) ယောက်တောင် မရှိ။ အဲဒီ လုပ်တဲ့ (၁၀) ယောက်ကလည်း နောက် နှစ်လလောက် ရှိတော့ သုံးယောက်လောက်ပဲ ကျန်တော့တယ်။ တကယ် လုပ်စားရတော့ ပင်ပန်းပြီး ထွက်ပြေးကြရော။

အမှန်တော့ လူငယ်တွေ အလုပ်မရှိတာ မဟုတ်။ အလုပ် လုပ်ချင်စိတ် မရှိကြတာပါ။ သူတို့က အတတ်ပညာ ကျွမ်းကျင်အောင် သင်ယူ လေ့ကျင့်ပြီး ကျွမ်းကျင် ပညာရှင်များဖြစ်အောင် ကြိုးစားချင်စိတ် မရှိကြ။ အလုပ် လုပ်ဖို့ ချော့ခေါ်နေတာတောင် မလုပ်ကြပါဘူး။ အလုပ်လုပ်ပြီး ချမ်းသာချင် ကြတာ မဟုတ်ဘူး။ အချောင်လိုက်ပြီး ချမ်းသာချင်စိတ်တွေ များနေကြတာ။

တစ်ခါတုန်းကလည်း B.E ဘွဲ့ရ လူငယ် အုပ်စု တစ်စု ကျွန်တော့် သင်တန်းကျောင်းကို ရောက်လာကြ ပါတယ်။ အင်ဂျင်နီယာ ဘွဲ့ရတွေပါ။ လျှပ်စစ်၊ စက်မှုနဲ့ ဘွဲ့ရတွေ ဖြစ်ပါတယ်။ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော။ “သူတို့ အလုပ် မရှိကြလို့ ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက အဖြေရှာပေးပါ” ဆိုပြီး ရောက်လာကြ တာ ဖြစ်ပါတယ်။ အိုကေပေါ့။ ဆွေးနွေးပွဲလေး စတော့ ကျွန်တော် မေးတယ်။ သူတို့ကို ဘာဘွဲ့တွေ ရသလဲ။ တစ်ယောက်ချင်းစီ ထဖြေတယ်။ B.E တွေ၊ B.Tech တွေ ချည်းပဲ။ ကျွန်တော်က တစ်ယောက်ချင်းစီကို ဆက်မေး ပါတယ်။ “မင်းဘာလုပ်တတ်သလဲ၊ ဆရာ ချက်ချင်း အလုပ်ထဲ သွင်းပေး မယ်” လို့ ပြောပါတယ်။ ကား ပြင်တတ်သလား၊ အဲယားကွန်း ပြင်တတ် သလား၊ အီလက်ထရွန်နစ် ပစ္စည်းတွေ ပြုပြင်တတ်သလား၊ 

ဂဟေ ဆော်တတ်သလား၊ တွင်ခုံ ကိုင် တတ်သလား။ ဟာ ! ဘယ်သူမှ ဘာမှကို မလုပ်တတ်ကြတာ။ ရှက်ပြုံးလေးတွေ ပြုံးပြီး “မတတ်ပါဘူး ဆရာ” ဆိုတဲ့ စကားကိုပဲ ဖြေကြပါတယ်။ ဒါကလည်း သူတို့လေးတွေ အပြစ် မဟုတ်ပါဘူး။ G.T.U ကျောင်းတွေကို ကွမ်းယာဆိုင် ပေါသလို ပေါအောင် ဖွင့်ပြီး လက်တွေ့ မပါတဲ့ မြန်မာပြည်ရဲ့ ‘အမြုံပညာရေးစနစ်’ ကြောင့် ကလေးတွေ ဘာမှ မတတ်ကြတာပါ။ ဒီအထိတော့ သူတို့မှာ အပြစ်ပြောစရာ မရှိပါဘူး။ ကျွန်တော်က ဆက်ပြောပါတယ်။ ဘွဲ့ရ ပညာမတတ်တွေကို အခုဆရာ့ နည်းပညာကျောင်းမှာ လာတက်ကြပါ။ စောစောက မေးတဲ့ မင်းတို့ မတတ်ဘူးဆိုတဲ့ ပညာတွေ အားလုံးကို အခမဲ့ သင်ပေးမယ်။ သင်ပြီးလို့ လေ့ကျင့်ရေး ကာလတွေ ပြီးရင် အလုပ်ပါ ခန့်ပေးမယ်။ လုပ်မယ့် သူ စာရင်းပေးကြပါ ဆိုပြီး စာရင်းကောက်တော့ တစ်ယောက်မှ စာရင်းမပေး ကြပါဘူး။ တကယ့် ကိုယ်တွေ့ပါ။ သူတို့က ဘွဲ့လက်မှတ် ပြပြီး အရာရှိ လုပ်စားချင်နေကြတာ။ တကယ့် အင်ဂျင်နီယာ အတတ်ပညာ တတ်အောင် သင်ပြီး လက်ကြောတင်းအောင် အလုပ် လုပ်ချင်ကြတာမှ မဟုတ်ဘဲ။ အချောင် ကြီးပွားချင်တဲ့ စိတ်ပဲ ဖြစ်နေကြတာကို စစ်ဆေး တွေ့ရှိလိုက် ရပါတယ်။ သက်သောင့်သက်သာ နေချင်တဲ့ စိတ်ကသာ ကြီးစိုးနေကြ ပါတယ်။ ပြီးတော့ အလုပ်မရလို့ ဆိုပြီး တခြားကို အပြစ်တွေ တင်ကြရော။

အဲဒီတော့ အရည်အချင်း မရှိတဲ့ လူငယ်တွေကို အရည်အချင်း ရှိလာအောင် အရင် လုပ်ပေးကြပါဦး။ လွှတ်တော်ကို နောက်မှ တင်ကြပါ။ အရည်အချင်းတွေ ရှိပြီး လုပ်တတ်၊ ကိုင်တတ်တွေ ဖြစ်လာကြရင်လည်း အလုပ်ကို ချစ်တဲ့စိတ်၊ အလုပ်လုပ်ပြီး ရတဲ့ ချွေးနှဲစာကို တန်ဖိုးထားတတ်တဲ့ အတွေးအခေါ် တွေ ရှိအောင်လည်း လူငယ်တွေကို အရင် သင်ပေးကြပါဦး။ တစ်ခါလာလည်း လွှတ်တော်တင်၊ နောက်တစ်ခါလာလည်း လွှတ်တော်တင်။ အဲဒီတင်တဲ့ လူတွေက လူငယ်တွေအတွက် ဒီအသက်အရွယ်အထိ ဘာတွေများ ပေးဆပ်ပြီးခဲ့ကြပြီလဲလို့ မေးလိုက်ရင် ပြောရဲပါတယ်၊ အဲဒီလူတွေ တောင်းဆိုတာက လွဲပြီး ဘာမှ မပေးဖူးတဲ့ လူတွေပဲ ဆိုတာ သေချာ ပြောရဲပါတယ်။ Pain and Blame Game ဒါတွေပဲ။ အဖွဲ့အစည်းတွေကလည်း မပြေလည်မှုတွေ ညည်းညူကြ၊ နာကျင်ကြေကွဲ ကြ။ တစ်ဖွဲ့က အခြား တစ်ဖွဲ့ကို အပြစ်တင်ကြ။ ပြည်သူက အစိုးရ လွှဲချ။ အစိုးရက ပြည်သူတစ်ခါ ပြန်လွှဲချ။ ဂျာနယ်တွေကလည်း အဖြေ မပေးဘူး။ ပုစ္ဆာတွေ ပိုရှုပ်ပြီး ပိုခက်အောင် ဖွပေးကြ။ လူငယ်တွေ ပျက်စီးနေလို့ မပျက်စီးအောင် ဘာတစ်ခုမှ လုပ်မပေးကြတာကို တွေ့ရပါတယ်။ အနုပညာသမားတွေကလည်း ဝိုင်းဝန်း ဝေဖန် ထောက်ပြတဲ့ အလုပ်၊ လှောင်ပြောင် သရော်တဲ့အလုပ်၊ အတင်းပြောတဲ့ အလုပ်၊ သမိုင်းကို ပြန်ရစ်ကြည့်တဲ့ အလုပ် ဒါတွေပဲ လုပ်နေကြတယ်။ ကိုယ်တတ်နိုင် သလောက် မြန်မာစာ တတ်ရင် မြန်မာစာ လိုက်သင်ပေးပေါ့။ အင်္ဂလိပ်စာ တတ်ရင် အင်္ဂလိပ်စာသင် ပေးပေါ့။ လက်သမား တတ်ရင် လက်သမား ပညာတွေ သင်ပေးပေါ့။ စက်ချုပ်၊ ပန်းထိုး၊ ကြိမ်ထိုးတတ် ရင် တတ်တာတွေ သင်ပေးပေါ့။ အခုတော့ ဟောပြောကြ၊ ရေးကြသားကြနဲ့။ အလုပ်ကို လက်တွေ့ ဘယ်သူမှ မလုပ်ကြပါဘူး။ အလုပ်မပါ အပြောသက်သက် သမားတွေချည်းပဲ။

ဒီလိုနဲ့ တိုင်းပြည်က စုတ်ပြတ်နေပြီ။ ဒီလို အတိုင်းသာ ဆက်သွားနေရင်တော့ တစ်ချိန်တုန်းက ဟစ်တလာရဲ့ နာဇီတွေ ပိုင်တဲ့ ဆိုင်မှာ ဆိုင်းဘုတ်တွေ ချိတ်ခံခဲ့ရတာ ဖတ်ဖူး၊ တွေ့ဖူးတယ်။ ဂျူးနဲ့ ခွေးမဝင်ရတဲ့။ အဲဒီတုန်းက ရုပ်ရှင်မို့ သိပ်မခံစားရဘူး။

အခုတော့ ရင်ထဲမှာ ပူလှပြီ။ နောင်ဆိုရင် ကျွန်တော်တို့ မြန်မာ လူငယ်တွေ အပျင်းထူပုံ၊ စည်းကမ်းမဲ့ပုံ၊ အရည်အချင်းမရှိဘဲ အပျင်းကြီး အကောင်း ကြိုက်ပုံတွေကြောင့် နိုင်ငံခြားသားတွေ ပိုင်တဲ့ လုပ်ငန်းတွေ မှာ ခွေးသာသာ နေရာက အလုပ်တွေပဲ လုပ်ကြရတော့မယ်။ အပေါက်စောင့်၊ မိလ္လာသိမ်း၊ သန့်ရှင်းရေး၊ တံမြက်စည်းလှည်း အဲဒါတွေတောင် လုပ်ခွင့်ရရင် ကံကောင်းလို့မှတ်။ တကယ်လို့များ ဂျူးတွေတုန်းကလို ‘မြန်မာနှင့် ခွေးမဝင်ရ’ လို့များ ဆိုင်းဘုတ် အတပ်ခံခဲ့ရရင် . . .။

အောင်စိုးဦး (မြင်းခြံ)
The Voice Weekly

တက်ဘလက်ဖြင့် ခွေးကို လေ့ကျင့်ပေးနိုင်ဟုဆို

ခွေးများကို လေ့ကျင့်ပေးနေသည့် မန်ဟက်တန် ရပ်ကွက်မှ ခွေး သင်တန်းကျောင်းတွင် လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ခွေးများကို iPad တက်ဘလက်များဖြင့် လေ့ကျင့်ပေးနေကြောင်း၊ လေ့ကျင့်ထားသော ခွေး များသည် Touch screen ကို အသုံးပြုနိုင်စွမ်းရှိကြောင်း သင်တန်းဆရာ များ ဖြစ်သည့် အန်နာဂျိမ်းနှင့် ကိတ်ဆင်နစီတို့က ပြောကြားသည်။

ထိုကျောင်းတွင် တစ်ကြိမ်တွင် ခွေး လေးကောင်နှုန်းသာ သင်ကြားပေးနေ ပြီး ခွေးများသည် iPad တက်ဘလက်ပေါ်တွင် နှုတ်သီးဖြင့် လည်းကောင်း၊ လက်ချောင်းများဖြင့် လည်းကောင်း ထိတွေ့စနစ် ဖြင့် အသုံးပြုနိုင်ရန် သင်ကြားပေးခြင်း ဖြစ်သည်။

တက်ဘလက်ဖြင့် သခင်ကို အီးမေးလ်က တစ်ဆင့် ဆက်သွယ်တတ်ရန်နှင့် အထူး စီစဉ်ထားသည့် Yes/ No ခလုတ်များကို လည်းကောင်း၊ ကင်မရာ ခလုတ်ကို နှိပ်တတ်ရန် လည်းကောင်း၊ သခင်ကို ခလုတ်များဖြင့် တုံ့ပြန် ဆက်သွယ်နိုင်ရန် လည်းကောင်း သင်ကြား ပြသပေးကြောင်း ခွေးများကို သင်ကြားပေးသည့် ဆရာများက ဆိုသည်။

The Voice Weekly

သွားတိုက်ဆေး အသုံးဝင်ပုံ

(၁)ရေစက်ခေါင်းတွေ ပြောင်လက်တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင်ပါတယ်။

(၂)မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။

(၃)အဝါရောင်သမ်းနေတဲ့ အိမ်သုံးပစ္စည်းတွေကို အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက်ပေးရင် အရောင်လက်စေပါတယ်။

(၄)မီးဖိုပေါ်က မည်းညစ်နေတဲ့ ဆီချေးတွေကို ရေနွေးနဲ့အရင်လောင်းပြီး သွားတိုက်ဆေးထည့်ထားတဲ့ အဝတ်စနဲ့ပွတ်တိုက်ပေးနိုင်ပါတယ်။

(၅)ငါးကိုင်ပြီးနောက် လက်မှာငါးညှီနံ့တွေ စွဲနေရင် သွားတိုက်ဆေးနဲ့ ဆေးပေးနိုင်ပါတယ်။

(၆)လက်မှာဆီချေး၊ ဆေးကြောရခက်တဲ့ ဆီ၊ မင်တွေစွန်းပေခဲ့ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောနိုင်ပါတယ်။

(၇)အင်္ကျီလက်ဝ၊ ကော်လံတွေမှာ ချေးတွေပေးပြီး ဆေးကြောရခက်ခဲ့ရင် သွားတိုက်ဆေးအရင်ပွတ်ပေးပြီး ဆေးကြောပေးနိုင်ပါတယ်။

(၈)စီးတာကြာလို့ အဝါရောင်သမ်းလာတဲ့ ဖိနပ်အဖြူရောင်တွေကို အရင်ဆေးကြောပြီး သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။

(၉)လက်နှိပ်ဓာတ်မီး အသုံးကြာလို့ အလင်းပြန်တဲ့မျက်နှာပြင် ဝါသွားခဲ့ရင် သွားတိုက်ဆေး ၃~၅မိနစ်ခန့် ပွတ်ထားပြီး အဝတ်စနဲ့သုတ်ပေးနိုင်ပါတယ်။

(၁ဝ)မတော်တဆအပူလောင်တဲ့ ဒဏ်ရာကို သွားတိုက်ဆေးပွတ်ပေးရင် အနာသက်သာစေနိုင်ပါတယ်။ သွေးထွက်တဲ့ဒဏ်ရာတွေကို သွားတိုက်ဆေးနဲ့ အရင်ဆေးကြောပြီး ထပ်ပွတ်ထားပေးရင် အနာခြောက်လွယ်စေပါတယ်။

(၁၁)တူးနေတဲ့မီးပူအောက်ခြေ ပြောင်လက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၂)ရောင်အမ်းတဲ့ အနာတွေ အရောင်လျော့ချင်ရင် သွားတိုက်ဆေး လိမ်းထားပေးနိုင်ပါတယ်။

(၁၃)မိုးဒဏ်၊ လေဒဏ်ကြောင့် အရောင်လွင့်နေတဲ့ ကားတံဆိပ်တွေ ပြောင်လက်ချင်ရင် သွားတိုက်ဆေး ပွတ်တိုက်ပေးနိုင်ပါတယ်။ ခြစ်ရာရှိတဲ့ ကားမှန်၊ ကားဘော်ဒီတွေကိုလည်း သွားတိုက်ဆေးပါတဲ့အဝတ်နဲ့ မိနစ်အနည်းငယ်ကြာပွတ်တိုက်ပေးပြီး အဝတ်သန့်နဲ့ ထပ်ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၄)အိမ်နံရံပေါ်က ကလေးတွေဆွဲခြစ်ထားတဲ့ ခဲတံ၊ ဘောလ်ပင်၊ မြေဖြူ အရစ်အကြောင်းခြစ်ရာတွေ ဖျက်ချင်ရင် အဝတ်စမှာ သွားတိုက်ဆေးထည့်ပြီး အလွယ်တကူဖျက်နိုင်ပါတယ်။

(၁၅)လက်ပတ်နာရီမှန်ခွက်ပေါ်က အရစ်အကြောင်းပျောက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်သလို စီတီခွေမျက်နှာပြင်က အရစ်အကြောင်းတွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး မိနစ်(၂ဝ)ကြာပွတ်တိုက်ပေးရင် အရစ်တွေပျောက်နိုင်ပါတယ်။

(၁၆) မည်းညစ်နေတဲ့ မှန်တွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်တိုက်နိုင်ပါတယ်။

(၁၇) နံရံပေါ် ပန်းချီကားတွေကို သွားတိုက်ဆေးနဲ့ ကပ်ရင် ပိုခိုင်ခန့်တဲ့အပြင် နံရံကိုလည်း မပျက်ဆီးစေပါဘူး။ ပန်းချီကားကို နံရံပေါ်ကခွါချင်ရင် ကပ်ထားတဲ့နေရာကို ရေဆွတ်ပြီး အလွယ်တကူခွါနိုင်ပါတယ်။

သွားတိုက်ဆေးကို သွားဖြူဖွေးသန့်ရှင်းဖို့ အသုံးပြုရုံတင်မက အထက်ကနည်းအတိုင်းလည်း စမ်းသပ်အသုံးပြုနိုင်ပါတယ်။ လက်တွေ့မသုံးဖူးတော့ မှန်မမှန်မသိပါဘူး။ အီးမေးလ်ကရတဲ့ သွားတိုက်ဆေးအသုံးဝင်ပုံကို ဘာသာပြန်လိုက်ပါတယ်။ မေးလ်ပို့ပေးတဲ့ ထိုင်ဝမ်ကသူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။

Myanmar new updates

အခြေခံဥပဒေကပေးသော အခွင့်အရေးကို ပြည်သူများအမှန်တစ်ကယ်ရရှိခံစားစေလို

လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်နှင့်စပ်လျဉ်း၍ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည့် အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၏ ပုဒ်မ - ၃၉၆ တွင် ပြဋ္ဌာန်းထားပြီး ထိုပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရန် အခြေခံဥပဒေပုဒ်မ - ၃၉၇ တွင် ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်သူများလေ့လာသိရှိ အကြံပြုနိုင်ရန်အတွက် ၃၀-၈-၂၀၁၂ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်ကို လေ့လာဖတ်ရှုခဲ့ရပါသည်။ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အမြန်ပြဋ္ဌာန်းရန် လိုအပ်ကြောင်းကိုလည်း ဂျာနယ်များတွင် ရေးသားဖော်ပြသည့် ဆောင်းပါးများတွင်လည်း လေ့လာဖတ်ရှုခဲ့ရပါသည်။
အခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားချက်အရ “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခွင့် ’’ သည် နိုင်ငံသားများ၏ အခြေခံဥပဒေအရ ရရှိထားသည့် အခွင့်အရေး Citizen’s Constitutional Prerogative ဖြစ်သည်ကို မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် မဲဆန္ဒရှင်များက ရွေးချယ်တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ရှိခြင်းသည်လည်း ဒီမိုကရေစီနည်းကျကျဆောင်ရွက်သည့် နည်းလမ်းလည်း ဖြစ်ပါသည်။ ထို့အပြင် အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)အရ နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သော ဥပဒေပြဋ္ဌာန်းပေးရမည်ဖြစ်ရာ ပုဒ်မ - ၃၉၆ အရ ရရှိခံစားရမည့် နိုင်ငံသားများ၏ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်အတွက် လိုအပ်သော “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ’’ ကို နိုင်ငံသားများအတွက် မဖြစ်မနေ ပြဋ္ဌာန်းပေးရမည်ဖြစ်ပါသည်။ 
အခြားနိုင်ငံများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်များပြန်လည်ရုပ်သိမ်းခွင့်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိကြပြီး လုပ်ထုံးလုပ်နည်းများမှာ ကွဲပြားခြားနားမှုရှိပါသည်။ အမေရိကန်၊ အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် ပြည်ထောင်စုအဆင့်၌ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကို မကျင့်သုံးကြခြင်းမှာလည်း ၎င်းတို့အခြေခံဥပဒေများက ထိုအခွင့်အရေးကို ပေးထားသောကြောင့်ဖြစ်သည်။ စာရေးသူမှာလည်း ဥပဒေပညာလေ့လာလိုက်စားနေသူတစ်ဦးဖြစ်၍ မိမိတို့နိုင်ငံ၏ အခြေခံဥပဒေနှင့် အခြားနိုင်ငံ များ၏ ဥပဒေများကို နှိုင်းယှဉ်လေ့လာခဲ့ပါသည်။ မတူသည်များကို နှိုင်းယှဉ်ဖော်ပြနေရလျှင် ဖော်ပြ၍ပင် ကုန်နိုင်မည် မထင်ပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအား ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပေးပို့သည့် ဥပဒေကြမ်းကို ပယ်ချနိုင်သည့်အာဏာ (Veto Power) ပေးမထားခြင်းမျိုးဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍတို့မှ ပုဂ္ဂိုလ်များကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချနိုင်သည့် အခွင့်အရေးရှိသလို လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိခြင်းမှာလည်း အာဏာများခွဲဝေသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းမှုစနစ်တို့နှင့်လည်း လိုက်လျောညီထွေမှုရှိပါသည်။
ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်တင်မြှောက်ထားသူက မိမိတို့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးနိုင်မှုမရှိဟု ယုံကြည်ခံစားရလာပါက အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ ထိုသူကို ပြန်လည်ရုပ်သိမ်းနိုင်ခြင်းမှာလည်း သဘာဝကျပါသည်။ ပြည်သူများက ယုံကြည်ကိုးစားပြီး ပြည်သူနှင့် နိုင်ငံအကျိုး အမှန်တကယ်သယ်ပိုးနေသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် ရုပ်သိမ်းလိုသူ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း မဆိုထားနှင့် ၀.၁ ရာခိုင်နှုန်းပင် ပေါ်ပေါက်လာမည်မဟုတ်ပေ။ ပြည်သူများကို ကိုယ်စားပြုသည့် ပြည်သူ့ ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေကပေးထားသော ပြည်သူများ၏ အခွင့်အရေးကို ယုံကြည်ရဲဝံ့စွာ ဖော်ဆောင်ပေးရမည့်အချိန် ကျရောက်နေပြီဖြစ်ပါသည်။ ပြည်သူများကို ထိုအခွင့်အရေးပေးလိုက်ခြင်းကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဆိုသည်မှာလည်း ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေပေးခြင်းမဟုတ်ပေ။ အမှန်တကယ်ဆိုလျှင် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုသည်မှာ လွယ်ကူသောလုပ်ငန်းစဉ်တစ်ခု မဟုတ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ 
အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြန်လည်လေ့လာသုံးသပ်ခြင်းမှာလည်း မည်သည့်အချိန်တွင် ပြီးမြောက်မည်ဟု အချိန်ကန့်သတ်ချက်မရှိသည့်အတွက် အခြေခံဥပဒေကို ပြန်လည်လေ့လာသုံးသပ်နေသည့် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ် များကို ဆိုင်းငံ့ထားခြင်းသည် အခြေခံဥပဒေအရ ပြည်သူများရရှိမည့် လုပ်ပိုင်ခွင့်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ ထားခြင်းလည်းဖြစ်ပါသည်။ သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၃၉၆ အရ ပေးအပ်ထားသည့် ပြည်သူတို့၏ လုပ်ပိုင်ခွင့်ကို ရရှိခံစားကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အခြေခံဥပဒေ ပုဒ်မ - ၃၉၇ အရ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးကို အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)နှင့်အညီ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ 

မောင်ခိုင်မာ

မြန်မာမော်ဒယ်လ်လေး ခင်ဝင့်ဝါ အား Vote ပေးကြရအောင်

ပရိသတ်ကြီးရှင့်...
အောက်ပါLink မှာ ၀င်ပြီး ညီမကို Vote ပေးလို့ ရနိုင်ပါပြီရှင့်...
နေ့ စဉ်မဲပေးနိုင်ပါတယ်ရှင့်.....

http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582

Vote ပေးနည်း
1) ဒီ page ကိုသွားပေးပါ။

http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

2) page ပွင့်လာလျှင် မခင်ဝင့်ဝါ ရဲ့ photo အောက်ကိုသွားပါ။
3) ဒီအနီရောင် စာသားကို click လုပ်ပေးပါ။ (vote ပေးခြင်းဖြစ်သည်)

မှတ်ချက်။ သင့်မှာ ရှိသလောက် Browser များကို အသုံးပြုပြီး ၁ နေ့ကို အနဲဆုံး သုံး vote ပေးနိုင်ပါပြီ။ အပေါ်က link ကို အသုံး ပြု၍ မိမိ စက်ရှိ Browser သုံး မျိုးရှိလျှင် Browse တစ်ခုလျှင် တစ် vote ဖြင့် သုံးခု သုံး vote ပေးနိုင်ပါပြီ။


Khin Wint Wah

အခြေခံဥပဒေပြင်ဆင်ရေး ဒီချုပ်၏ သဘောထား စက်တင်ဘာ ပထမပတ် တွင် ထုတ်ပြန်မည်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့်ပတ်သက်၍ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရား ဝင်ရပ်တည်ချက်သဘောထားကို စက် တင်ဘာပထမပတ် တွင် ထုတ်ပြန်သွား ရန်ရှိကြောင်း တရားလွှတ်ေ တ်ာရှေ့နေ ဦးကိုနီက ပြောသည်။

သြဂုတ်လ ၂၆ ရက် ညနေတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင် ရေးဆိုင်ရာဆွေးနွေးပွဲကို အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှဦးဆောင်၍ အဖွဲ့ ချုပ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီတို့ ဆွေး နွေးခဲ့ကြပြီးနောက်တွင် ဦးကိုနီက ထိုသို့ ပြော ကြားခြင်း ဖြစ်သည်။

”၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောလေ့ရှိ တယ်။ သူက ခြုံငုံပြီး ပြောတဲ့စကားပါ။ ဒါပေမဲ့ ဘယ်လိုအကြောင်းအချက်တွေ ဟာ ဒီမိုကရေစီစံနဲ့မညီဘူးဆိုတာ ပြည် သူကို အသေးစိတ်ရှင်းပြဖို့လိုတယ်။ အဲဒီအတွက် ဆွေးနွေးပွဲလုပ် ခဲ့ကြတာ။

အဆိုပါ ဆွေးနွေးပွဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာ မှုသမိုင်းကြောင်းနှင့် ရေးသားထားသည့် ပြဋ္ဌာန်းချက်များသည် ဒီမိုကရေစီစံနှုန်း နှင့် ညီညွတ်မှု ရှိမရှိ ဟူသည့် အချက် ၂ ချက်ကို ဆွေးနွေး ခဲ့ကြပြီး ထပ်မံ၍ လည်း ဆွေးနွေးပွဲများ ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၄င်းကပြောသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အသေးစိတ် အချက်တွေကို အခြေခံပြီးတော့ အဓိက ကျတာတွေထုတ်ပြန်သွားမှာပါ။ ဒီဥပဒေ ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ညီလား မညီ လားဆိုတာ ပိုပြီး လူထုကို တိတိ ကျကျ ထုတ်ပြန်ဖို့ပါ”ဟု ဦးကိုနီက ပြောသည်။

အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်များ ကို လေ့လာပါက ဥပဒေပြဋ္ဌာန်းချက် များသည် တစ်ခုနှင့်တစ်ခု ရှေ့နောက် မညီညွတ်ခြင်းများ ကို တွေ့ရမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

”ပုဒ်မ (၄) မှာ နိုင်ငံတော်အာဏာ ကို ပြည်သူပိုင်တယ်လို့ ပြောတယ်။ ဒါ ပေမဲ့ အတွင်းထဲမှာကျတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ပေးအပ်ခွင့် ပါ နေတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေကို လေ့လာရင် ဒီမိုကရေစီစံနှုန်းနဲ့ မညီ ဘူး” ဟု ၄င်းကပြောသည်။

ထိုသို့ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော ဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိနေကြသော်လည်း ပြင်၍ ရ မရ သည် ကြီးမားသောစိန်ခေါ် မှု ဖြစ်နေ ကြောင်း၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပါပုဒ်မ ၄၃၆ ကို ကြည့်ပါက ပြင်ဆင်ရန်အတွက် ခက်ခက်ခဲခဲရေးသားထားသည်ကို တွေ့ ရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။သဘောထားကြေညာချက် ကို အလုပ်အ မှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ရယူကာ ထုတ်ပြန်သွားမည်ဖြစ်ပြီး ထုတ်ပြန်ချက် သည် လေးငါးမျက်နှာထက်ပိုမည်မဟုတ် ကြောင်း ၄င်းက ပြောကြား ခဲ့သည်။

မေဇင်ဝင်း

Popular Myanmar News Journal

ဒီလို လူမဖြစ်စေနဲ့


ဆရာကြီး ပီမိုးနင်း၏ လူမှု့ရေး စာစုများ

( ၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူတွေ များစွာရှိကြလေသည်။

( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။

( ၃) မှန်ကန်ခြင်း၌ အဖော်မလို။

( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည် မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။

( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နိုင်၏။ အမိန့်ကို သုန်မှုန်စွာ နားထောင်သူ သည် ကျေးကျွန်နှင့်တူ၏၊။ ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။

( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရအောင် သတိထားရမည်။

( ၇) အရာရာ၌ မလွန်ကျူးခြင်း၊ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရလေအောင် သတိထားရမည်။

( ၈) တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်၊ အဘယ်အရာကိုလုပ်ပါဟု ပြောမည့်အစား လုပ်လျှင် အဘယ်အကျိုးမျိုးဖြစ်မည်ကို ပြောရမည်။

( ၉) သိလိုသောစိတ်သည် ဂရုစိုက်သောစိတ်ဖြစ်၏။ ဂရုစိုက်ခြင်းသည် အရေးယူခြင်း လေးစားခြင်းပင် ဖြစ်လေသည်။

(၁၀)အချိန်ရှိသရွေ့ အမှားပြင်နိုင်၏


မေတ္တာ ဘာဝနာ အကျိုး (၁၁) ပါး

၁။ ကောင်းစွာအိပ်ရခြင်း
၂။ ကောင်းစွာနိုးရခြင်း
၃။ ကောင်းသောအိမ်မက်ကို မြင်မက်ရခြင်း
၎။ လူအများချစ်ခင် မြတ်နိုးခြင်း
၅၊ နတ်တို့ ချစ်မြတ်နိုးခြင်း
၆။ မီး၊ လက်နက် ၊ အဆိပ် စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း
ရ။ စိတ်တည်ကြည်ခြင်း
၈။ မျက်နှာ အဆင်းတင့်တယ်ခြင်း၊
၉။ နတ်တို့ ကောင်းစွာစောင့်ရှောက်ခြင်း
၁၀။ မတွေဝေခြင်း
၁၁။ ဗြဟ္မာပြည်သို့လားရခြင်း


အနုပညာလုပ်ငန်းကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် ဘ၀ကိုဖြတ်သန်းတော့မည့် ချမ်းချမ်း

မကြာသေးမီက အိမ်ထောင်ရှင်မ ဘ၀သို့ ရောက်ရှိသွားခဲ့ပြီးနောက် “တကယ်ဆိုရင် အချစ်ပဲလိုတယ်။ အရမ်းချစ်တယ်အရမ်းမုန်းတယ်” တေးစီးရီးခွေဖြင့် ပရိသတ်အားပေးလက်ခံမှုများစွာကို ရရှိပိုင်ဆိုင်ထားသည့် အဆိုတော်
ချမ်းချမ်းက ၂၀၁၄-၂၀၁၅ နှစ်တွင် အနုပညာလုပ်ငန်းများကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် ဘ၀ကိုဖြတ်သန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချမ်းချမ်းက “၂၀၁၄-၂၀၁၅ ရောက်ရင် အနုပညာ အလုပ်တွေ မလုပ်တော့ဘဲ အစ်မ၀ါသနာပါတဲ့ စားသောက်ဆိုင်ဒါမှမဟုတ် စတူဒီယိုတစ်ခုဖွင့်ဖို့ စဉ်းစားထားတယ်။ အစ်မ အသက်အရွယ် အချိန်အခါနဲ့ အစ်မလုပ်နိုင်မယ့်
အနေအထား နှစ်တစ်ခုအဖြစ် ၂၀၁၄-၂၀၁၅ ကို သတ်မှတ်ထားတယ်။ နောက်တက်လာမယ့် မျိုးဆက်သစ်
တွေကိုလည်း ဦးစားပေးရမယ်လို့ ထင်တဲ့အတွက် ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အခြေကျအောင် လုပ်ပြီး
အနုပညာ အလုပ်ကိုတော့ မလုပ်တော့ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် အဆိုတော် အဆိုတော် ချမ်းချမ်းက သူ၏ တတိယစီးရီးခွေကို ယခုနှစ် ၁၀ လပိုင်းတွင်း ထွက်ရှိနိုင်ရန်စီစဉ်နေကြောင်း တတိယမြောက်စီးရီးခွေတွင် သီချင်း ၁၄ ပုဒ် ပါဝင်ပြီး အဆိုတော် ဟန်ထွန်း၊ ဇော်ပိုင်၊ ဂျီလတ်တို့က တွဲဖက်သီဆိုထားသည်။ ချမ်းချမ်း၏ တတိယမြောက် စီးရီးခွေကို Audio CD အနေဖြင့် ထွက်ရှိသွားမည်။ဖြစ်ကြောင်း တတိယမြောက် စီးရီးခွေသစ်၏ အမည်ကို သူမက “မိန်းကလေးမဆန်ဘဲနဲ့ အနုပညာဘက်ပေါက်တဲ့နာမည်တစ်ခုပေးဖို့ စီစဉ်ထားပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

ပြည်မြန်မာသတင်းစာ