Wednesday, August 28, 2013

အခြေခံဥပဒေကပေးသော အခွင့်အရေးကို ပြည်သူများအမှန်တစ်ကယ်ရရှိခံစားစေလို

လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်နှင့်စပ်လျဉ်း၍ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည့် အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၏ ပုဒ်မ - ၃၉၆ တွင် ပြဋ္ဌာန်းထားပြီး ထိုပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရန် အခြေခံဥပဒေပုဒ်မ - ၃၉၇ တွင် ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်သူများလေ့လာသိရှိ အကြံပြုနိုင်ရန်အတွက် ၃၀-၈-၂၀၁၂ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်ကို လေ့လာဖတ်ရှုခဲ့ရပါသည်။ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အမြန်ပြဋ္ဌာန်းရန် လိုအပ်ကြောင်းကိုလည်း ဂျာနယ်များတွင် ရေးသားဖော်ပြသည့် ဆောင်းပါးများတွင်လည်း လေ့လာဖတ်ရှုခဲ့ရပါသည်။
အခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားချက်အရ “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခွင့် ’’ သည် နိုင်ငံသားများ၏ အခြေခံဥပဒေအရ ရရှိထားသည့် အခွင့်အရေး Citizen’s Constitutional Prerogative ဖြစ်သည်ကို မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် မဲဆန္ဒရှင်များက ရွေးချယ်တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ရှိခြင်းသည်လည်း ဒီမိုကရေစီနည်းကျကျဆောင်ရွက်သည့် နည်းလမ်းလည်း ဖြစ်ပါသည်။ ထို့အပြင် အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)အရ နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သော ဥပဒေပြဋ္ဌာန်းပေးရမည်ဖြစ်ရာ ပုဒ်မ - ၃၉၆ အရ ရရှိခံစားရမည့် နိုင်ငံသားများ၏ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်အတွက် လိုအပ်သော “ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ’’ ကို နိုင်ငံသားများအတွက် မဖြစ်မနေ ပြဋ္ဌာန်းပေးရမည်ဖြစ်ပါသည်။ 
အခြားနိုင်ငံများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်များပြန်လည်ရုပ်သိမ်းခွင့်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိကြပြီး လုပ်ထုံးလုပ်နည်းများမှာ ကွဲပြားခြားနားမှုရှိပါသည်။ အမေရိကန်၊ အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် ပြည်ထောင်စုအဆင့်၌ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကို မကျင့်သုံးကြခြင်းမှာလည်း ၎င်းတို့အခြေခံဥပဒေများက ထိုအခွင့်အရေးကို ပေးထားသောကြောင့်ဖြစ်သည်။ စာရေးသူမှာလည်း ဥပဒေပညာလေ့လာလိုက်စားနေသူတစ်ဦးဖြစ်၍ မိမိတို့နိုင်ငံ၏ အခြေခံဥပဒေနှင့် အခြားနိုင်ငံ များ၏ ဥပဒေများကို နှိုင်းယှဉ်လေ့လာခဲ့ပါသည်။ မတူသည်များကို နှိုင်းယှဉ်ဖော်ပြနေရလျှင် ဖော်ပြ၍ပင် ကုန်နိုင်မည် မထင်ပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအား ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပေးပို့သည့် ဥပဒေကြမ်းကို ပယ်ချနိုင်သည့်အာဏာ (Veto Power) ပေးမထားခြင်းမျိုးဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍတို့မှ ပုဂ္ဂိုလ်များကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချနိုင်သည့် အခွင့်အရေးရှိသလို လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိခြင်းမှာလည်း အာဏာများခွဲဝေသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းမှုစနစ်တို့နှင့်လည်း လိုက်လျောညီထွေမှုရှိပါသည်။
ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်တင်မြှောက်ထားသူက မိမိတို့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးနိုင်မှုမရှိဟု ယုံကြည်ခံစားရလာပါက အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ ထိုသူကို ပြန်လည်ရုပ်သိမ်းနိုင်ခြင်းမှာလည်း သဘာဝကျပါသည်။ ပြည်သူများက ယုံကြည်ကိုးစားပြီး ပြည်သူနှင့် နိုင်ငံအကျိုး အမှန်တကယ်သယ်ပိုးနေသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် ရုပ်သိမ်းလိုသူ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း မဆိုထားနှင့် ၀.၁ ရာခိုင်နှုန်းပင် ပေါ်ပေါက်လာမည်မဟုတ်ပေ။ ပြည်သူများကို ကိုယ်စားပြုသည့် ပြည်သူ့ ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေကပေးထားသော ပြည်သူများ၏ အခွင့်အရေးကို ယုံကြည်ရဲဝံ့စွာ ဖော်ဆောင်ပေးရမည့်အချိန် ကျရောက်နေပြီဖြစ်ပါသည်။ ပြည်သူများကို ထိုအခွင့်အရေးပေးလိုက်ခြင်းကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဆိုသည်မှာလည်း ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေပေးခြင်းမဟုတ်ပေ။ အမှန်တကယ်ဆိုလျှင် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုသည်မှာ လွယ်ကူသောလုပ်ငန်းစဉ်တစ်ခု မဟုတ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ 
အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြန်လည်လေ့လာသုံးသပ်ခြင်းမှာလည်း မည်သည့်အချိန်တွင် ပြီးမြောက်မည်ဟု အချိန်ကန့်သတ်ချက်မရှိသည့်အတွက် အခြေခံဥပဒေကို ပြန်လည်လေ့လာသုံးသပ်နေသည့် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ် များကို ဆိုင်းငံ့ထားခြင်းသည် အခြေခံဥပဒေအရ ပြည်သူများရရှိမည့် လုပ်ပိုင်ခွင့်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ ထားခြင်းလည်းဖြစ်ပါသည်။ သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၃၉၆ အရ ပေးအပ်ထားသည့် ပြည်သူတို့၏ လုပ်ပိုင်ခွင့်ကို ရရှိခံစားကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အခြေခံဥပဒေ ပုဒ်မ - ၃၉၇ အရ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးကို အခြေခံဥပဒေ ပုဒ်မ - ၂၁(ဃ)နှင့်အညီ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ 

မောင်ခိုင်မာ

0 comments:

Post a Comment