Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Sunday, October 20, 2013

အမေရိကရောက်မြန်မာမိသားစုများရဲ့ သီတင်းကျွတ်ကုသိုလ်ပြုပွဲ


 


 အမိမြေနဲ့ ရေခြားမြေခြားဝေကွာနေပေမဲ့ကြည်နူးမင်္ဂလာပီတိဖြာ
စေလောက်တဲ့အမေရိကရောက်မြန်မာမိသားစုများရဲသီတင်းကျွတ်
ကုသိုလ်ပြုပွဲတစ်ရပ်ကိုအမေရိကန်ပြည်ထောင်ရှိမေရီလန်းပြည်နယ်
Rockvilleရှိမင်္ဂလာရာမကျောင်းမှာတွေ့ ရပုံကိုနိုင်ငံကျော်အဆိုတော်
မီမီဝင်းဖေရဲ့ ဖေ့ဘုတ်မှာကြည်နူးဖွယ်တွေ့ ရှိရပါတယ်။

credit-Mie Mie Win Pe
At Mingalar Yarma Kyaung.

ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ အကုန်လုံး လွှတ်ပေးမည်ဟု သမ္မတက ပြောကြားထားသော်လည်း ထပ်မံဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဉ်းသား ရှိနေသည်ဟု AAPP ထုတ်ပြန်


ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးမကျန် ပြန်လွှတ်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသော်လည်း အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားဦးရေ မြင့်တက်နေဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ စက်တင်ဘာလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး စက်တင်ဘာလအတွင်း ၃၃ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကာ ၂၃၂ ယောက်မှာ တရားရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၃၃ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ပြီး လယ်သမား ခြောက်ဦးအား ပုဒ်မ ၄၄၇ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခဲ့ကာ မျိုးမြင့်အောင် (ခ) အရှည်ကြီးအား မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ဖောက်ခွဲဖြင့် ထောင်ဒဏ်ခုနစ်နှစ်၊ ပုဒ်မ ၁၈ ဖြင့် တောင်ကုတ်မြို့နယ်မှ ကိုစိုးဝင်း၊ ကိုသံလုံး၊ ကိုသံလွင်တို့အား ထောင်ဒဏ်သုံးလ၊ ထို့အပြင် တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအား ဆန့်ကျင်ဆန္ဒ ပြခဲ့သည့် မဒေးကျွန်းမှ ၁၀ ဦးအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ၊ ထို့နောက် ရခိုင်ပြည်နယ်မှ ဒေါ်မလှမေ၊ ဦးမောင်ဝင်း၊ ဒေါ်တင်တင်အေး၊ ဦးမောင်သိန်းလှတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ အစရှိသူတို့သည် စက်တင်ဘာအတွင်း ထောင်ဒဏ်ချခံ ခဲ့ရသူများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့နောက် ၂၀၁၃ ခုနှစ်အတွင်း လွတ်မြောက်လာခဲ့ပြီး အင်းစိန်ထောင်တွင် ၂၃ နှစ် နေခဲ့ရသူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသားများအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းနှိပ်စက်ညှဉ်းပန်း မှုများကြောင့် ထိခိုက်ခံစား ရမှုများလည်း ရှိနေသည်ဟု ဖော်ပြထားသည်။ ထို့အပြင် ဒေါ်နော်အုန်းလှ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအား မိသားစုများနှင့် အလှမ်းဝေးသည့် နေရာရှိ အကျဉ်းထောင်များသို့ ပို့ဆောင် ထားကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် လူတစ်ဦးအား ပုဒ်မ ၁၈ ဖြင့် နေရာ ၁၉ နေရာတွင် တရားစွဲဆို ခံခဲ့ရခြင်းများလည်းရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ၏ စာရင်းများအရ အကျဉ်းထောင်များအတွင်း ၁၂၅ ဦး ကျန်ရှိနေပြီး ၂၁ ဦးအား ပြန်လည်စိစစ် နေသည်ဟုလည်း သိရသည်။

AAPP အဖွဲ့၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က "ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ)တို့ မလွှတ်တာနဲ့ ပတ်သက်ရင် အစိုးရနဲ့ ပိုပြီးတော့ သက်ဆိုင်ပါတယ်" ဟု ပြောကြားသည်။

အစီရင်ခံစာ၏ အနှစ်ချုပ် အနေနှင့် မြန်မာနိုင်ငံတွင် အစိုးရက ဒီမိုကရက်တစ် ပြောင်းလဲမှုများကို ပြုလုပ်နေသော်လည်း အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ရှိနေကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်နေသည်ဟု ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေမှုများလည်း ရှိနေကြောင်း၊ AAPP အနေနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအား ဆက်လက်ထောက်ပံ့ နေမှာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က "ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်၊ မလွတ်ဆိုတာက သမ္မတရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ ထောင်ထဲမှာ အရင်ကျန်နေတဲ့ လူတွေကိုရော နောက်မှအသစ် ထပ်ရောက်လာတဲ့ လူတွေကိုရော သူလွှတ်ပေးချင်တဲ့ ဆန္ဒရှိရင် သူလွှတ်ပေးလိုက်မှာပဲ။ ဒီပုံစံအတိုင်း ဆိုရင်တော့ ထောင်ထဲမှာ နောက်နှစ်ဆန်းရင်လည်း နိုင်ငံရေး အကျဉ်းသားက ကုန်မှာမဟုတ်ဘူး၊ ထပ်ရောက်နေဦးမှာပဲ။ ကျွန်တော်တို့ကတော့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ကျန်နေရင်လည်း ကျန်နေတဲ့အကြောင်း ပြောမှာပဲ။ အခုအချိန်အထိ ကော်မတီမှာ ပုဒ်မ ၁၈၊ ၅၀၅(ခ)နဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားမယ်၊ မစဉ်းစားဘူး ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ အဖြေမသိရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ ကော်မတီ အနေနဲ့ အခုအချိန်အထိ ထည့်သွင်းစဉ်းစားခြင်း မရှိသေး တာကတော့ သေချာတယ်" ဟု ပြောကြားသည်။



EMG

သူရိယအလင်း ဂျာနယ်တိုက်မှ ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င် လူတစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု ဖြစ်ပွား




 (သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း (ဓာတ်ပုံ - နေထွန်းနိုင်))

  အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော သူရိယအလင်း ဂျာနယ်တိုက်မှ ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င် လူအုပ်စု တစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု ဖြစ်ပွားခဲ့ကြောင်း သူရိယအလင်း သတင်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်အရ သိရသည်။

ထိုကဲ့သို့ လာရောက်သိမ်းဆည်း ခဲ့ကြသူများထဲတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၊ ဖိုးလပြည့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သည်ဟု ဦးမိုးဟိန်းက ပြောကြားသည်။

"ည ၁၂ နာရီ ၀န်းကျင်လောက်မှာ ကားခြောက်စီးလောက်နဲ့ ဒီရုံးရှေ့ကို ရောက်လာတာပေါ့။ လူ ၁၅ ယောက်၊ အယောက် ၂၀ လောက် ရှိမယ်။ ဘယ်သူတွေ ပါလဲဆိုတော့ ဖိုးလပြည့် ပါတယ်ဗျာ။ ပြည်ထောင်စုအဆင့် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန် ပါတယ်။ နောက်တစ်ခါ ဖိုးလပြည့်ရဲ့ သူငယ်ချင်း အုပ်စုတွေပေါ့။ သူတို့အားလုံး။ ရောက်လာပြီးတော့ ကျွန်တော်တို့ လက်ကျန်ဂျာနယ် အဲဒါကို လာတောင်းတယ်။ လာတောင်းတော့ ဒီကကလေးတွေက အရမ်းကြောက်လန့်ပြီးတော့ ပေးလိုက်ရတယ်ပေါ့ဗျာ။ ဘယ်သူတွေ ဘယ်သူတွေဆိုတာ ပြောပြီးတော့။ အဲဒီလို အချိန်မှာ နောက်တစ်ဆင့်က ဟိုဘက်တံခါးကို ဖွင့်ခိုင်းတယ်။ ဒီဘက်တံခါးက ပိတ်ထားတော့။ လုံခြုံရေး ဦးခင်အေးက တံခါးမဖွင့်ပေးဘူး။ ဟိုဘက်က တံခါးတစ်ပေါက် ရှိသေးတာကိုး။ ဟိုဘက်တံခါးက ၀င်ချလာတယ်။ ဟိုဘက်တံခါးက ကျွန်တော်တို့ဆီက ကလေးကနေပြီးတော့ သိနေတဲ့လူ ပါနေတဲ့ အခါကျတော့ ဖွင့်ပေးလိုက်တော့၊ တစ်ယောက်ပဲမှတ်ပြီး ဖွင့်ပေးလိုက်တော့ နောက်ကနေ အုပ်လိုက်ကြီး လိုက်ဆင်းဝင်လာတယ်။ အကုန်လုံး ဒီထဲကို ၀င်လာကြပြီး ဘာလုပ်လဲဆိုတော့ စီစီတီဗွီကို အရင်အုပ်တယ်။ အမှောင်ချပြီးတော့ အုပ်ပြီးတော့မှ မီးတွေပြန်ဖွင့်ပြီးတော့ ကျန်တဲ့ကောင်တွေ ကွန်ပျူတာတွေရဲ့ အောက်ကဘောက်စ်တွေ အကုန်ဖြုတ်သွားတယ်။ ကျွန်တော်တို့ ၂၂ လုံးရှိတာ ၁၄ လုံး ပါသွားတယ်" ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဦးမိုးဟိန်း အနေဖြင့် ကွန်ပျူတာများနှင့် ဂျာနယ်လက်ကျန်များ သိမ်းဆည်းခံရခြင်းကို အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ အချိန်မှ သိရှိခဲ့ခြင်းဖြစ်ကာ ဂျာနယ်လက်ကျန် ဖြန့်ချိမှု အဆင်ပြေ၊ မပြေ သိရှိလို၍ ဂျာနယ်တိုက်သို့ ဖုန်းဆက်ရာမှ သိရှိရခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးမိုးဟိန်းက ပြောကြားသည်။

ယခုကဲ့သို့ ပြုလုပ်ရခြင်း အကြောင်းအရင်းသည် အောက်တိုဘာ ၁၈ ရက်ထုတ် သူရိယအလင်းဂျာနယ် အတွဲ (၁) အမှတ် (၁၂) ၌ ဖော်ပြခဲ့သော ဆောင်းပါးရှင် စစ်သူရဲဗလမင်းထင်၏ "လပြည့်ညပြီးရင် လကွယ်ညနဲ့ လမိုက်ည လာစမြဲပဲ၊ မော်စကိုမှာ သာမယ့်လ၊ ရုရှားမယ်စကြ၀ဠာ ပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ" ဆောင်းပါး၊ ဆောင်းပါးရှင် ထောင်သူရဲဘအုပ်၏ "မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ ပေးစာ" ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။

"မနေ့ကထွက်တဲ့ သူရိယအလင်း ဂျာနယ်ဟာ ပုံမှန်ထွက်ရမှာ မဟုတ်ဘူး။ စနေထွက်မှာ။ ဒါပေမဲ့ ဒီနေ့က သီတင်းကျွ တ်လပြည့်နေ့ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က စောထုတ်လိုက်တယ်။ အဓိကက ဆောင်းပါးရှင် စစ်သူရဲဗလမင်းထင်က နေပြီးတော့ မောစကိုမှာ သာတဲ့လကို ရေးတယ်။ မယ်စကြ၀ဠာ ပြိုင်ပွဲရယ်၊ ခရိုနီတွေရယ်။ ကားပြိုင်ပွဲတွေရယ်အကြောင်း ရေးတယ်။ နောက်စာရေးဆရာ ထောင်သူရဲဘအုပ်က မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ် ဆိုပြီးတော့ ၁၉၆၂ ကနေ ဒီနေ့အထိဗျာ။ စစ်အာဏာပိုင် အဆက်ဆက် ၀န်ကြီးအဆက်ဆက်၊ ဗိုလ်ချုပ်အဆက်ဆက် လူကြီးသားသမီး အားလုံးက လူထုအပေါ်မှာ အနိုင်ကျင့် ဗိုလ်ကျနေတာတွေ၊ ခရိုနီတွေ အားကိုးနဲ့ပေါ့ဗျာ။ အဲတာတွေကို ကျွန်တော်တို့က ရပ်တန်းကရပ်ဖို့ သတိပေး နှိုးဆော်တဲ့ဟာ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဂျာနယ်လက်ကျန်နှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ပါဝင်ပြီး ဦးယုနိုင်နှင့် ဖိုးလပြည့်တို့မှာ ဂျာနယ်တိုက် အပြင်တွင် ကျန်နေခဲ့ပြီး ဦးသူရိန်နှင့် နောက်လိုက်များက ဂျာနယ်တိုက်အတွင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက်ပြောကြားသည်။

"ဦးယုနိုင်ပါတယ်။ အထဲကို မ၀င်ဘူး။ အပြင်မှာပဲ။ ဘာလို့ ဦးယုနိုင် ပါလာသလဲဆိုတော့ကား ဦးယုနိုင်က ကျွန်တော့်သူငယ်ချင်းပါ။ ပါလာတယ်ဆိုတာ သူ့ကိုခေါ်လာလို့ပဲ။ မလိုက်လာလို့ မရဘူး။ ခေါ်လာလို့ အပြင်ပါလာတယ်။ သူက အထဲထဲကို မ၀င်ဘူး။ သူ့မှာ တားနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ သာမန်ကုန်သည် တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သာမန်ကုန်သည် တစ်ယောက်ဆိုတာ အားလုံးကို ကြောက်နေရတယ်။ သူက အပြင်က ပါလာတယ်။ အထဲတော့ မ၀င်ဘူး။ သူလည်း ဒီအထဲကိုဝင်ဖို့တွေ တားတော့တားမှာပေါ့ဗျာ။ သို့သော်လည်း တားလို့မရလို့ ဖြစ်မှာပေါ့။ ကျွန်တော်က အဲဒီလို ယူဆတယ်။ ဒီထဲကို ဖိုးလပြည့်တော့ မ၀င်ဘူး။ အပြင်မှာ ကားပေါ်မှာ ကျန်နေတယ်။ အထဲကို ၀င်တဲ့ထဲမှာ ဦးသူရိန် ခေါင်းဆောင်တဲ့လူ ၁၅ ယောက် ပါတယ်" ဟု ဦးမိုးဟိန်းက ဆိုသည်။

အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ဖိုးလပြည့်နှင့် ဦးသူရိန်တို့ ပါဝင်ခြင်းကို သက်သေပြနိုင်သူ ငါးဦးခန့် ရှိကြောင်းနှင့် ဂျာနယ်တိုက်အတွင်း တပ်ဆင်ထားသည့် စီစီတီဗွီမှာ စက္ကူဖြင့် ဖုံးအုပ်ခံခဲ့ ရသည့်အပြင် စီစီတီဗွီ၏ အထိုင်စက်ကိုလည်း ယူဆောင်သွားကြသဖြင့် စီစီတီဗွီ မှတ်တမ်းမရှိကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။ ထို့အပြင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခြင်း လုံးဝမရှိဘဲ ရှေ့နေဖြင့်သာ တိုင်ပင်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သူရိယအလင်း ဂျာနယ်တွင် ပြည်ထောင်စု ၀န်ကြီးများနှင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၏ သားသမီး လေးဦးထက်မနည်းက ရှယ်ယာပါဝင်ကြောင်း သူရိယအလင်း သတင်းဂျာနယ်မှ အမည်မဖော်လိုသူ အယ်ဒီတာ တစ်ဦးက ပြောကြားသော်လည်း ထိုအချက်ကို ဦးမိုးဟိန်းက ငြင်းဆိုခဲ့သဖြင့် ဂျာနယ်ပိုင်ဆိုင်မှု၏ နောက်ကွယ်ကိစ္စရပ်များမှာ ရှုပ်ထွေးမှုများ ရှိနေကြောင်း သိရသည်။

"ရှယ်ယာနဲ့ ပတ်သက်လို့ဟာက ကျွန်တော်တို့က ကျွန်တော်တို့ဟာ ကျွန်တော်တို့ စုပြီးလုပ်ကြတယ်။ ဒီရှယ်ယာကိစ္စက ရှယ်ယာအများစုက ကျွန်တော်တစ်ယောက်တည်း ပိုင်တာ။ ၉၀ ရာခိုင်နှုန်းက ကျွန်တော်ပိုင်ပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်က ရှယ်ယာပေးထားတာ ရှိတယ်။ အဲတာနဲ့ ပတ်သက်လို့ကတော့ ဘာမှ အထွေအထူး ပြောစရာ မရှိဘူး။ ဒီကိစ္စက ရှယ်ယာပြဿနာ မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက ဆိုသည်။

ကျန်ရှိသော ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှာလည်း ၎င်း၏ဆွေမျိုး သားချင်းများသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်ဟု ပြောကြားသည်။

သူရိယအလင်း ဂျာနယ်တွင် ထည့်သွင်းဖော်ပြလေ့ရှိသော စစ်သူရဲဗလမင်းထင်၊ ထောင်သူရဲဘအုပ်၊ သတိုးစည်သူ အစရှိသူတို့၏ ဆောင်းပါးများကို ပြင်ပတွင် သတင်းထွက်ပေါ် နေသကဲ့သို့ ၎င်းတစ်ဦးတည်းက ရွေးချယ်တည်းဖြတ်ခြင်း မဟုတ်ဘဲ အယ်ဒီတာအဖွဲ့၏ ရွေးချယ်မှုဖြင့်သာ ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဦးမိုးဟိန်းသည် ယခင်က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိကာ အမေရိကန် ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှုမှာ အချိန်တစ်နှစ်ပင် မပြည့်သေးကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြန်မရောက်မီ အချိန်ကလည်း ၎င်းသည်ထောက်လှမ်းရေးအဖွဲ့၊ အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် နီးစပ်သူဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်းများကိုလည်း ဦးမိုးဟိန်းက မမှန်ကြောင်း ငြင်းဆိုသည်။

သူရိယအလင်း ဂျာနယ်တိုက်တွင် အောက်တိုဘာ ၁၈ ရက်ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကို (အဆိုပါ ဂျာနယ်တိုက်မှ လမ်းညွှန်ပေးသည့် ဖုန်းနံပါတ်သို့) ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမှားနေသည်ဟု တစ်ဖက်မှ ပြန်လည်ဖြေကြား ခဲ့ပါသည်။ ထို့အတူ ဦးသူရိန်ကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
 

EMG

ဆိုင်ကယ်ချင်း ချိတ်မိ၍ အဝေးသင်ကျောင်းသူတစ်ဦး သေဆုံး



ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ ဟင်္သာတ-ဇလွန်လမ်းကြီးပေါ်တွင် (၁၉-၁၀-၂၀၁၃) သီတင်းကျွတ်လပြည့်နေ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့်၌ ဆိုင်ကယ်ချင်းချိတ်မိ၍ အဝေးသင်ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသော သက်ကယ်ပြင်အုပ်စု သဲထုံးကျေးရွာနေ မနုနုလှိုင် အသက် (၁၈)နှစ် (ပထမနှစ်-အဝေးသင်) ကျောင်းသူသည် ဆိုင်ကယ်ချိတ်မိသောကြောင့် ဒဏ်ရာရရှိကာ ဟင်္သာတဆေးရုံသို့ ပို့ဆောင်ပြီး မကြာမီတွင် သေဆုံးသွားကြောင်း သိရသည်။

လပြည့်နေ့အခါသမယတွင် ဟင်္သာတမြို့ပေါ်မှ ဇလွန်ပြည်တော်ပြန်ဘုရားသို့ ဘုရားဖူးရန် သွားလာကြသောသူများ များပြားသည့်အလျှောက် ယာဉ်မောင်းသူများသည် ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းသည့်အတွက် ယခုလိုအဖြစ်မျိုး ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ အဝေးသင်ကာလတွင် ဆိုင်ကယ်မှောက်၍ သေဆုံးမှုများ နှစ်စဉ်နှစ်တိုင်းလိုပင် ဖြစ်ပေါ်နေသည့်အတွက် ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်စည်ကမ်းထိန်းသိမ်းမှုအား အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တက္ကသိုလ်ဝန်းကျင်တွင် နေထိုင်သည့် မြို့ခံတစ်ဦးက ပြောသည်။

Hinthata HumanRights

ဖွဲ့စည်းပုံ မပြင်ရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းကျမှာ မဟုတ်လို့ ဒေါ်စုပြော




ဥရောပ ငါးနိုင်ငံ ခရီးစဉ် ပထမ တထောက် အဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံကို ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲမှု မလုပ်ရင် ၂ဝ၁၅ ခုနှစ် ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း ကျမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် တယောက်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘရပ်ဆဲလ်စ် မြို့မှာ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso နဲ့ တွေ့ဆုံခိုက် မနေ့တုန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲဟာ အများ လေးစား လက်ခံ နိုင်လောက်ပြီး ပွင့်လင်း မြင်သာမှု ရှိကာ အဖွဲ့အစည်း အသီးသီး နဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အားလုံး ပါဝင်ခွင့် ရှိရမယ်လို့ မစ္စတာ ဘရိုဆို ကလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ စေ့စပ် ညှိနှိုင်းရေး တို့ကို ဥရောပ သမဂ္ဂက ဆက်လက် ထောက်ခံသွားမယ် ၊ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း မြန်မာ နိုင်ငံကို ယူရို သန်း ၁၅ဝ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို နိုင်ငံ တိုးတက်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေကို အရင်ထက် နှစ်ဆတိုး အကူအညီ ပေးနေတယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ က ဆိုပါတယ်။

ဘယ်လဂျီယမ်နိုင်ငံကို ရောက်ခိုက် ဒေါ်အောင်ဆန်းစုကြည်ဟာ လူဗန်း ကက်သလိတ် တက္ကသိုလ် က ၁၉၉၈ခုနှစ် တုန်းက သူအိမ်အကျယ်ချုပ် ကျစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံ ရယူခဲ့ပြီး "Charity and compassion in politics" သဒ္ဒါတရားနဲ့ ဂရုဏာ ခေါင်းစဉ်နဲ့ စနေနေ့တုန်းက ဟောပြောခဲ့ပါတယ်။

BBC Burmese

Saturday, October 19, 2013

နိုင်ငံရေးမှာ သဒ္ဒါတရားနဲ့ ဂရုဏာ ထားရေးဒေါ်စုဟောပြောမည်












 


ဘယ်လ်ဂျီနိုင်ငံ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ ကျင်းပမယ့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောပွဲ ကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ဖို့စာရင်းပေးသွင်း ထားတယ်လို့ တက္ကသိုလ်အုပ်ချုပ်ရေးမှုးက ဗီအိုအေကို ပြောပါတယ်။ စနေနေ့ဒေသစံတော်ချိန်မနက်ပိုင်းမှာသဒ္ဒါတရားနဲ့ ဂရုဏာတရားထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကိုကျင်းပမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ဥရောပ ငါးနိုင်ငံခရီးစဉ်ကို ဘယ်လ်ဂျီယံနိုင်ငံနဲ့စတင်လိုက်တဲ့အကြောင်း မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဥရောပကော်မရှင်ရဲ့ ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ကို ရောက်ရှိလာမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်
ဟာ ရောက်ရောက်ချင်းမှာပဲ မြို့တော်ဘရပ်ဆဲလ်နဲ့ ၁၂မိုင်ကျော်လောက်ဝေးကွာတဲ့ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေ၊ ပါမောက္ခတွေ အပါအ၀င် ဒေသခံပြည်သူတွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ သူ့ရဲ့ဟောပြောပွဲကို တက်ရောက်ဖို့ ဧည့်ပရိတ်သတ်ပေါင်း တစ်ထောင်ကျော် စာရင်းပေးသွင်းထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် အခုလို ပရိသတ်ထောင်ကျော်ပြီးစာရင်းပေးသွင်းထားတာဖြစ်တယ်လို့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ဆက်ဆံရေးဌာန ညွန်ကြားရေးမှုး Daniel Rahier ကဗီအိုအေကိုပြောပါတယ်။ ဒါအပြင် ဒီပွဲဖြစ်မြောက်ဖို့ စီစဉ်ခဲ့ပုံကို အခုလိုပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ de Louvain ကက်သလစ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပေါမောက္ခဘွဲ့ကို ၁၉၉၈ခုနှစ်မှာ ချီးမြှင့်ခံထားရပါတယ်။ ဥရောပကော်မရှင်ရဲ့ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံကို လာရောက်တဲ့အချိန်မှာ ကျနော်တို့တက္ကသိုလ်ကိုလည်း လာရောက်လည်ပတ်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းလာတဲ့အတွက် သူတွေ့ဆုံပွဲကို စနေနေ့မနက်ပိုင်းမှာကျင်းပဖို့ ကျနော်တို့ စီစဉ်ခဲ့တာပါ။ နိုင်ငံရေးမှာ သဒ္ဓါတရားနဲ့ ဂရုဏာတရားထားရှိရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောမှာဖြစ်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်က နှစ်ပေါင်းများစွာကတည်းက အားပေးထောက်ခံလာတာဖြစ်တယ်လို့ Daniel Rahier ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်နဲ့နှစ်ပေါင်းများစွာအကျဉ်းကျနေတဲ့ကာလမှာ ကျနော်တို့တက္ကသိုလ်ကနေ သူ့ကို ထောက်ခံအားပေးခဲ့ပါတယ်။ ဒါအပြင် တက္ကသိုလ်တည်ရှိနေတဲ့ မြို့က ဒေသခံတွေရဲ့ ပံပိုးထောက်ခံမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တာပါ။ နောက်တခုက ဒီတွေ့ဆုံပွဲမှာ နိုင်ငံခြားသံတမန်တွေပါဝင်ဟောပြောပေးဖို့ ဥရောပသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မှာ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ တနင်္လာနေ့မှာတော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စာစားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ (၂၂)ရက်နေ့ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာရှိတဲ့ ဥရောပပါလီမန်မှာ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ဆာခရော့ဆုကို လက်ခံယူမှာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမတိုင်ခင် ဥရောပပါလီမန်ဥက္ကဌ Martin Schulz နဲ့တွေ့ဆုံမှာပါ။

ဒါအပြင် အခြားပါလီမန်ခေါင်းဆောင်တွေနဲ့လည်းတွေ့ဖို့အစီစဉ်တွေလည်း ရှိတယ်လို့ ဥရောပပါလီမန် ဥက္ကဋ္ဌရဲ့ ပြောခွင့်ရအမျိုးသမီး Maud Noyon ကဗီအိုအေကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂရဲ့ အခြားခေါင်းဆောင်တွေ နဲ့လည်းတွေ့ဆုံမှာပါ။ ဒါပေမယ့် ဥရောပပါလီမန်ကို သူလာရောက် လည်ပတ်မယ့် အစီအစဉ်ကလည်း တိုတောင်းပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၅နှစ်မြောက် ဆာခရော့ ဆုချီးမြှင့်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားမှာ နာမည်ကျော် နိုင်ငံတကာဆုရှင်တွေ ကိုယ်တိုင်တက်ရောက်ဖို့ရှိပေမယ့်
ဒေါ်အောင်ဆန်းစုကြည် ကတော့ မတက်ရောက်နိုင်တော့ပါဘူး။

ဆုပေးပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွင့်မိန့်ခွန်းပြောဖို့ရှိပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲကို ဒေသစံတော်ချိန်နေ့လည် ၁၂နာရီခွဲမှာ ပြုလုပ်မှာပါ။

ဗြိတိန်မှာတော့ ၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ
မြောက်ပိုင်း အိုင်ယာလန်ကိုသွားပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်သလို Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို လည်း သွားရောက်ပြီး စစ်ပညာလေ့ကျင့် သင်ကြားမှုတွေကို လေ့လာဖို့ ရှိပါတယ်။ Sandhurst တော်ဝင်စစ် တက္ကသိုလ်မှာပဲ ဗိုလ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ခရီးစဉ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကိုသွားပြီး မြန်မာ့ဒီမိုကရေစီရေးကို တောက်လျှောက် အားပေးထောက်ခံခဲ့တဲ့ မြို့ ၄ မြို့ဆီကို သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် ဥရောပခရီးစဉ်ဖြစ်ပါတယ်။

VOA Burmese

သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်မြင်ကွင်း




အောက်တိုဘာ ၁၉ ရက်၊သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရားဖူးများနှင့်စည်ကားလျှက်ရှိသည်ကို တွေ့ရသည်။

သတင်း၊ ဓာတ်ပုံ - ထွဋ်မြတ်
Popular Journal

BREAKING NEWS:


ဖိုးလပြည့်နှင့် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏သားအပါအဝင် ၁၁ဦး သူရိယအလင်းဂျာနယ်တိုက်၏ ကွန်ပျူတာတစ်လုံးကို သိမ်းယူသွား

ကုန်သည်ကြီးများဟိုတယ်အပါအဝင် အခြားပေါက်ကွဲမှုများအတွက် သံသယရှိသူ ၈ဦးကို ဖမ်းဆီးထားမိကြောင်း ရဲချုပ်ဇော်ဝင်းပြော

ဖာရိုတိုက်တေနီယံသတ္တုကို ကိုးကန့်ဒေသတွင်တူးဖော်ဖို့ တရုတ်ကုမ္ပဏီ ZIG ဒေါ်လာသန်း ၁ဝဝ ရင်းနှီးမြှုပ်နှံမည်ဟုဆို

ခေတ်သစ် ကျွန်ပြုမှုဖြစ်သော လုပ်အားပေးခိုင်းခြင်း၊ လူကုန်ကူးခြင်း ခံနေရသော မြန်မာ ၃သိန်း၈သောင်းကျော် ရှိဟု အစီရင်ခံစာဆို

Kamayut Media

အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် ဥပဒေရေးဆွဲပြီး လွှတ်တော်သို့ တင်ပြမည်





အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန်ရည်ရွယ်ကာ ဥပဒေတစ်ရပ်ရေးဆွဲပြီး ဥပဒေပြုရေးတွင် အခရာကျသည့် လွှတ်တော်သို့ တင်ပြသွားမည်ဟု ရဲချုပ် ဇော်ဝင်းက အောက်တိုဘာလ ၁၈ရက်က ပြော
ဆိုလိုက်သည်။

ယခုလအတွင်းဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်ရပ်များနှင့် ပတ်သက်၍
အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်းပြုလုပ်
ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလိုအကြမ်းဖက်ကိစ္စတွေကို ထိထိရောက်
တားဆီးနိုင်ဖို့အတွက် ဥပဒေတစ်ရပ်ရေးဆွဲပြီး မကြာခင် လွှတ်တော်
တင်မယ်။ ဒါကတော့ နိုင်ငံတစ်ကာက စိုးရိမ်ပူပန်မှုတွေကို ဥပဒေကြောင်း
အရ ကာကွယ်တားဆီးဖို့ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

သို့သော် ယင်းဥပဒေကို မည်သည့် ဥပဒေပညာရှင်များနှင့် ရေးဆွဲမည်ဖြစ်ပြီး မည်သည့်အချိန်တွင် တင်ပြသွားမည်ကို ရဲချုပ်က အတိအကျပြောဆို
သွားခြင်းမရှိပေ။

ယခုလ ၁၁ ရက်မှ စတင်ပြီး ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများသည် ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၁၄ ရက် ည ၁၁ နာရီကျော်ကဖြစ်ခဲ့သည့် ရန်ကုန်မြို့ Trader Hotel ဗုံးပေါက်ကွဲမှုတွင် အမေရိကန်နိုင်ငံသူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိခဲ့သည့် အမေရိကန်နိုင်ငံသူ
တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေငြာချက်ထုတ်ပြန်
ထားသည်။

အဆိုပါဗုံးပေါက်ကွဲမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူ ၈ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိနေပြီး ကျူးလွန်သူ
များကိုဖေါ်ထုတ်ရန် နိုင်ငံတစ်ကာအဖွဲ့အစည်းများမှ နည်းပညာ အထောက်အကူများကိုလည်း ရယူသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဇော်ဝင်းက ပြောသည်။

ယင်းအပြင် လာမည့် နိုင်ဝင်ဘာလအတွင်း ၆ ဘီလီယံ တန်ဖိုးရှိသည့် လုံခြုံရေးပစ္စည်းကိရိယာများကိုလည်း ဝယ်ယူတပ်ဆင်ရန် အစိုးရက စီစဉ်နေသည်။

"နောက်လထဲမှာ ၆ ဘီလီယံ ကျပ်တန်ဖိုးရှိ နည်းပညာအထောက်အကူ
ပစ္စည်းတွေ ဝယ်ယူတပ်ဆင်ပြီးတော့ ပြည်သူလူထုရဲ့လုံခြုံရေး၊ နိုင်ငံတော်ရဲ့ လုံခြုံရေးတွေ စီစဉ်ထားပြီးဖြစ်ကြောင်း ရှင်းလင်းလိုပါတယ်"ဟု ရဲချုပ်
ဇော်ဝင်းက ပြောဆိုလိုက်သေးသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်
အာရှဆီးဂိမ်းပြိုင်ပွဲကိုလည်း ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိနေ
သည်။

ယခုလ ၁၁ ရက်မှ စပြီး တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နမ့်ခမ်းတွင် ဗုံးပေါက်မှုနှင့် ဗုံးတွေ့ရှိမှုများ ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဗုံးပေါက်
မှုကြောင့် အနည်းဆုံး လူ ၃ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ဗုံးလန့်မှုများ
သည်လည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသေးသည်။

Mizzima - News in Burmese

သီလဝါ စီမံကိန်းနယ်မြေ ဒေသခံများနှင့် JICA မှ တာဝန်ရှိသူများ တွေ့ဆုံ




သန်လျင်မြို့နယ် သီလ၀ါ အထူးစီးပွားရေးဇုန်မှ ဒေသခံ လယ်သမားများနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ တာဝန်ရှိသူများ တွေ့ဆုံ၍ ဒေသခံများ ခံစားနေရသော အချက်များနှင့် ပက်သက်ပြီး ဆွေးနွေးခဲ့ကြရာ JICA ၏ လမ်းညွှန်ချက်များအတိုင်း အကောင်အထည် ဖော်ပေးရန် အစိုးရထံသို့ တိုက်တွန်းသွားမည်ဟု သိရသည်။

သီလ၀ါဒေသခံ လယ်သမားများ၏ ကိုယ်စားလှယ်များနှင့် JICA မှ တာဝန်ရှိသူတို့ သီးသန့်တွေ့ဆုံခဲ့ကြပြီး ဒေသခံများက လက်ရှိအစိုးရ၏ လျော်ကြေးပေးမှုများနှင့် ပက်သက်ပြီး စီမံကိန်းနှင့် ပက်သက်ပြီး အစိုးရနှင့် ဒေသခံများ ပူးပေါင်းဆောင်
ရွက်မှုတွင် အဓိပ္ပာယ် ပြည့်ဝစေရေး၊ ပွင့်လင်းမြင်မှုရှိစွာဖြင့် သတင်း အချက်အလက်များ ဖြန့်ဖြူးပေးရေး၊ မြေယာ လျော်ကြေး နှင့် ပြန်လည် နေရာချထားရေးကိစ္စ၊ စာချုပ်စာတမ်း ချုပ်ဆိုမှုများကိစ္စ၊ သီလ၀ါ ဆိပ်ကမ်းအနီးက ဘေးပေါက် ကျေးရွာကိစ္စ၊
တချို့ ဒေသခံ လယ်သမား ကိုယ်စားလှယ်များကို ဒေသဆိုင်ရာ ရဲများမှ စောင့်ကြည့်နေမှုများ၊ အစိုးရနှင့် ဒေသခံများ ထပ်မံ ဆွေ့ဆုံခွင့် ရရှိရေးကိစ္စ စသောအချက်ကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သွားရောက် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ဒေသခံ ကိုယ်စားလှယ် ဦးစိုးသိန်းက ဧရာဝတီသို့ ပြောသည်။

ဒေသခံများက လာရောက်ပြောဆိုသော အခါတွင်မှ ဒေသခံများ ကြုံတွေ့ခံစားရမှုများကို သိရှိခဲ့ရသကဲ့သို့ အစိုးရအဖွဲ့နှင့် ထပ်မံ တွေ့ဆုံကာ ဒေသခံများ၏ တင်ပြချက်များအပေါ် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု JICA မှ တာဝန်ရှိသူက ပြန်လည် ပြောဆိုကြောင်း ၎င်းက ဆိုသည်။

“ဘာလုပ်ပေးမယ်၊ ဘာတွေ ဖြစ်စေရမယ်လို့တော့ ကတိက၀တ် မပေးသွားဘူး။ ကျနော်တို့ တင်ပြချက်တွေကို နားထောင် ပြီးတော့ ဒါတွေက တကယ်လားဆိုတာ သူတို့ မသိရခဲ့ဘူး။ အစိုးရက ပြောတာကတော့ အားလုံး အဆင်ပြေပါတယ် ဆိုတာမျိုးပဲ သိခဲ့ရတာတဲ့။ သူတို့က အစိုးရကို JICA ရဲ့ လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ် လို့တော့ ကျနော်တို့ကို ပြောခဲ့တယ်” ဟု သူက ဆက်ပြောသည်။

ထို့အပြင် ဒေသခံများ တင်ပြသော မြေယာလျော်ကြေး မပေးသည့်ကိစ္စနှင့် ပက်သက်ပြီး အဆိုပါမြေကို အစိုးရပိုင်သည်၊ ဒေသခံပိုင်သည် ဆိုသည့် ကိစ္စကိုမူ အစိုးရနှင့် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာအစိုးရကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရန် ပြောပေးရုံမျှသာ ဖြစ်ကြောင်း JICA မှ တာဝန်ရှိသူက လာရောက် တွေ့ဆုံသော ဒေသခံ ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကိုအောင်ကိုမင်းက ဧရာဝတီသို့ ရှင်းပြသည်။

ယခုကဲ့သို့ ဒေသခံများနှင့် တွေ့ဆုံရသည့် အကြောင်းမှာ ဒေသခံများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ပြောဆိုနေသံကို ကြားသိရသည့် အတွက် မည်သို့ ချိုးဖောက်ခံနေရသည်ကို သိလိုသောကြောင့် ဖြစ်ကြောင်း၊ တက်ရောက် လာသော ဒေသခံများက လာရောက်ညှိနှိုင်းသော အစိုးရ ကိုယ်စားလှယ်များသည် ဒေသခံများအပေါ် ဖိနှိပ်ပြောဆိုမှုများ၊ ဖိအားပေးမှုများ၊ ချိန်းခြောက်မှုများ ရှိနေသည်ဟု ပြောဆိုကြောင်း၊ ဒေသခံ ကိုယ်စားလှယ်များကို အုပ်ချုပ်ရေးရဲများက စောင့်ကြည့် မေးမြန်းမှုများရှိပြီး စီမံကိန်း ပထမအဆင့်အတွက် အစိုးရနှင့် ဒေသခံများ စာချုပ်ချုပ်ဆိုရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းများကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ခံစားရကြောင်းကို JICA မှ တာဝန်ရှိသူထံ ဒေသခံများက ပြောဆိုခဲ့သည်ဟု ကိုအောင်မင်းထံမှ သိရသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး ရန်ကုန်မြို့ရှိ JICA ရုံးမှ တာဝန်ရှိသူထံ အီးမေးလ်ပို့ မေးမြန်းမှု၊ တယ်လီဖုန်းဆက် မေးမြန်းမှုများကိုမူ ယခု သတင်းရေးသားချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“JICA ရဲ့ တာဝန်ရှိသူက လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတာ ဘယ်အချက်တွေကြောင့် ပြောတာလဲ ဆိုတာကို တော်တော်လေး မေးပါတယ်။ မြေယာကိစ္စနဲ့ ပက်သက်ပြီး စကားပြောမယ်ဆိုရင် တရားရုံးမှာ ပြောဆိုမှရမယ့် သဘောမျိုးနဲ့ ပြောဆိုခဲ့တာကို ကျနော်တို့က လူ့အခွင့်အရေး ချိုးဖောက်တာလို့ မြင်ရတာလို့ ပြန်ပြောပြခဲ့တယ်။ မြေကွက်အစား ပြန်ပေးတာလည်း နေရာ ကျဉ်းကျဉ်းလေး ဆိုတော့ JICA ရဲ့ မူဝါဒမှာပါတဲ့ လက်ရှိဘ၀ထက် မနိမ့်ကျစေရာ ဆိုတာ တကယ် ဟုတ်နိုင်ပါ့မလားလို့ ပြောခဲ့တယ်။ သူကလည်း အစိုးရနဲ့ ထပ်တွေ့ပြီး ဒေသခံတွေ ပြောတာကို တင်ပြညှိနှိုင်းပါ့မယ်လို့ ပြန်ပြောတယ်” ဟု သီလ၀ါဒေသခံ ဦးကျော်ကျော်က ဧရာဝတီသို့ ဆိုသည်။

ဒေသခံများ အနေဖြင့် မည်သည့်အချက်ကို ကြည့်ကာ လူ့အခွင့်အရေး ချိုးဖောက်ခံရသည်ဟု ပြောသနည်းဟု မေးခွန်း ထုတ်လိုကြောင်း၊ မိမိတို့အနေဖြင့် ဒေသခံများကို မိသားစုသဖွယ် ဆက်ဆံရေးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်နေစဉ် ယခုကဲ့သို့ ပြောဆိုနေခြင်းက မဖြစ်သင့်ကြောင်း၊ ပြည်သူများ၏ စိတ်ချမ်းသာမှုကို ရှေးရှုပြီး အစိုးရအဖွဲ့မှ တတ်နိုင်သမျှ ဖြေရှင်း ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီး ဦးစိုးမင်းက ဧရာဝတီသို့ ပြောပြသည်။

“သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောနိုင်အောင် အစိုးရဘက်က သူတို့ကို လျော်ကြေးမပေးဘဲ ပစ်ထားတာ၊ ဒီဒေသက ထွက်သွားလို့ မောင်းထုတ်ပြီး မထွက်ရင် အရေးယူမယ်လို့ ပြောနေတာ ဆိုရင်တော့ အခုလို လူ့အခွင့်အရေး
ချိုးဖောက်တာလို့ ပြောလို့ရမှာပေါ့။ အဲဒီလိုဆို ကျနော်တို့ တောင်းပန်ရမှာပေါ့။ အဲဒါကြောင့် ကျနော်ပြောနေတာ၊ ဒေသခံတွေ လောဘမကြီးကြ ပါနဲ့လို့” ဟု ဦးစိုးမင်းက ဆိုသည်။

လာမည့်အပတ်တွင် ဒေသခံများ၊ အစိုးရတာဝန်ရှိသူများ၊ JICA နှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံညှိနှိုင်းကြရန် ရှိကြောင်း၊ ပထမ စီမံကိန်း ဟတ်တာ ၄၀၀ နှင့် ပက်သက်ပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ရာ တွင် စာချုပ်ပါ အချက်များကို လူအများ သိရန် လိုအပ်သည်ဟု မြင်မိကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။

“ကျနော့် အနေနဲ့ကတော့ အားလုံးနဲ့ အဆင်ပြေအောင် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အစိုးရ အနေနဲ့လည်း ဒေသခံတွေနဲ့ တွေ့ဆုံမှုတွေမှာ အားစိုက် ဆောင်ရွက်နေပါတယ်။ ဒီလို ညှိနှိုင်းပြီးတော့ ပိုကောင်းတဲ့ ရလဒ်တွေ ရခဲ့မယ်ဆိုရင်လည်း အဲဒါ
တွေအတိုင်း ဆက်လုပ်သွားပါ့မယ်” ဟု ၎င်းက ဆိုသည်။

ဧရာဝတီ

CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်း


မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှစတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ်ဆင်းမ်ကတ် များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။

ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
"လိုင်းထပ်တိုးလို့ မရတော့ဘူး။ အဲ့ဒါကြောင့် ရပ်လိုက်တာ" ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

CDMA လိုင်း တပ်ဆင်အားကို ထပ်မံတိုးချဲ့ခြင်း မရှိသည့်အတွက် ဖုန်းလိုင်း ထပ်တိုးရောင်းချရန် မဖြစ်နိုင်ကြောင်း၊ CDMA ဖုန်းကတ်များ ထပ်မံရောင်းချရန် အစီအစဉ်ရှိ မရှိမှာမူ MEC က လိုင်းအင်အား ထပ်တိုး မတိုးအပေါ် မူတည်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ CDMA ကတ်များ ရောင်းချမှု ရပ်ဆိုင်းလိုက်သဖြင့် အောက်တိုဘာလ အတွက် GSM/WCDMA ဖုန်းလိုင်းများကို သုံးသိန်းခြောက်သောင်းအထိ တိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ချိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍ GSM ကတ် ၂၅၈,၀၀၀ နှင့် WCDMA ကတ် ၁၀၂,၀၀၀ ကို ခွဲဝေရောင်းချမည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ကတ် ခုနစ်သောင်းကျော် အများဆုံး ရောင်းချမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ဧပြီလမှစတင်၍ CDMA ကတ် ၁ ဒသမ ၅ သန်းနှင့် GSM နှင့် WCDMA ကတ် စုစုပေါင်း ခြောက်သိန်းကျော် ရောင်းချထားပြီးဖြစ်သည်။

CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်း ရန်ကုန်၊ အောက်တိုဘာ ၁၈ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှစတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ်ဆင်းမ်ကတ် များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။ ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

"လိုင်းထပ်တိုးလို့ မရတော့ဘူး။ အဲ့ဒါကြောင့် ရပ်လိုက်တာ" ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။ CDMA လိုင်း တပ်ဆင်အားကို ထပ်မံတိုးချဲ့ခြင်း မရှိသည့်အတွက် ဖုန်းလိုင်း ထပ်တိုးရောင်းချရန် မဖြစ်နိုင်ကြောင်း၊ CDMA ဖုန်းကတ်များ ထပ်မံရောင်းချရန် အစီအစဉ်ရှိ မရှိမှာမူ MEC က လိုင်းအင်အား ထပ်တိုး မတိုးအပေါ် မူတည်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ CDMA ကတ်များ ရောင်းချမှု ရပ်ဆိုင်းလိုက်သဖြင့် အောက်တိုဘာလ အတွက် GSM/WCDMA ဖုန်းလိုင်းများကို သုံးသိန်းခြောက်သောင်းအထိ တိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ချိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။ အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍ GSM ကတ် ၂၅၈,၀၀၀ နှင့် WCDMA ကတ် ၁၀၂,၀၀၀ ကို ခွဲဝေရောင်းချမည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ကတ် ခုနစ်သောင်းကျော် အများဆုံး ရောင်းချမည် ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ဧပြီလမှစတင်၍ CDMA ကတ် ၁ ဒသမ ၅ သန်းနှင့် GSM နှင့် WCDMA ကတ် စုစုပေါင်း ခြောက်သိန်းကျော် ရောင်းချထားပြီးဖြစ်သည်။

The Voice Weekly

ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ထပ်မဖြစ်ပွားနိုင်ဟု ရဲချုပ်အာမခံ


ယခု ရက်ပိုင်း အတွင်း ပေါက်ကွဲမှုဖြစ် စဉ် များတွင်ပါဝင်သည့် တရားခံ ရှစ်ဦးကို ဖမ်းဆီးရမိပြီးဖြစ်သော ကြောင့် ရန်ကုန်မြို့တွင် ဗုံးပေါက် ကွဲမှု ထပ်မံမဖြစ်ပွားနိုင်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော် ဝင်းက ပြောသည်။ အောက်တိုဘာ ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ရဲချုပ်ဇော်ဝင်းက ''လက်ရှိ အနေနဲ့ ရန်ကုန်မှာ ပေါက်ကွဲမှု တွေ ထပ်မံမဖြစ်ပွားနိုင်တော့ပါ ဘူး။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ပါဝင်ဆက်စပ်နေတဲ့ တရားခံတွေ ကိုလဲ ထပ်မံဖမ်းဆီးဖို့ ဆောင် ရွက်နေပါတယ်''ဟု ပြောသည်။ အဆိုပါပေါက်ကွဲ မှုဖြစ် စဉ် များကို ကေအင်န်ယူ ၏ စီးပွားရေး လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောသည်။ ရဲချုပ်ဇော်ဝင်းက ''ရှမ်းပြည် နယ် နမ့်ခန်းမှာဖြစ်တဲ့ ဗုံးပေါက် ကွဲမှုဖြစ်စဉ်နဲ့ အခုဖြစ်စဉ် က ဆက် စပ် မှုမရှိပါဘူး''ဟု ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၉ရက်မှစတင်ကာ ရန်ကုန်၊ မန္တ လေး၊ စစ်ကိုင်းနှင့် တောင်ငူမြို့ များတွင် ဗုံးပေါက်ကွဲမှု ၁ဝကြိမ် ဖြစ်ပွား ခဲ့ပြီး ပြည်သူနှစ်ဦး သေ ဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Yangon Media Group

Monday, September 9, 2013

နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည်


နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်နေသည့် နေပြည်တော် လေဆိပ်ကို မြင်တွေ့ရစဉ်
နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်းမှ အောက်တိုဘာ ၂၈ ရက်တွင် စတင် ဆင်းသက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော် လေဆိပ်သည် စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှစ၍ ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက် အသုံးပြုခြင်း မရှိဘဲ နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်ခဲ့သည်။
နေပြည်တော်လေဆိပ် စတင်ဖွင့်လှစ်ပြီး တစ်နှစ်နှင့် ၁၀ လပြည့်ပြီးချိန်တွင် ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ပုံမှန်ခရီးစဉ် ပျံသန်းမှုအဖြစ် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည် ဖြစ်သည်။
Air Asia လေကြောင်းလိုင်းသည် ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ် ပျံသန်း ပြေးဆွဲသွားမည် ဖြစ်သည်။ နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲ သွားမည်ဟု သိရသည်။
လေဆိပ် အဆောက်အအုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်...

အဆိုပါ ခရီးစဉ်အား (လေယာဉ်ကွင်း အခွန်နှင့် အခြားစရိတ်များ အပါအ၀င်) ဒေါ်လာ ၅၀ ဖြင့် စတင်ပျံသန်းမည်ဟု သိရသည်။
“ဘန်ကောက်-နေပြည်တော် ခရီးစဉ် ပြေးဆွဲရခြင်းက အရှေ့တောင်အာရှ အားကစားပွဲတော်ကို အဓိက ရည်ရွယ်ပါတယ်။ ဒီခရီးစဉ်ကို Air Bus A 320 လေယာဉ် အသစ်များနဲ့ ပျံသန်းပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်” ဟု Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ်က ပြောကြားသည်။
Asia လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နေ့စဉ်သုံးကြိမ်၊ ဘန်ကောက်-မန္တလေး ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား နေ့စဉ်ပျံသန်း ပြေးဆွဲလျက်ရှိသည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyer Credit (၀ယ်သူ ချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မ loan Aggrement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်း အဆင့် (၁) အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လေဆိပ် အဆောက်အအုံ (ပြေးလမ်း တန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
နေပြည်တော် လေဆိပ်သည် စတင်ဖွင့်လှစ် ခဲ့ချိန်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက် အသုံးပြုနိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှသာ နိုင်ငံတကာ လေကြောင်းလိုင်းများ အသုံးပြုရန် အဆင်သင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

ခင်ပွန်းနှင့် စိတ်ဆိုးပြီး အစ်မအိမ်သွားနေသည့် အမျိုးသမီး ခဲအို၏ အဓမ္မကျင့်ခံရသည်ဟုဆို


ဇော်ဇော်ထွေး | တနင်္လာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၇ မိနစ်

ခင်ပွန်းသည်နှင့် စကားများရန်ဖြစ်ပြီး အစ်မ၏ အိမ်သို့ သွာရောက်နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး ခဲအို၏ အဓမ္မပြု ကျင့်ခံရဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား တွံတေးရဲစခန်းက စက်တင်ဘာ ၆ ရက်တွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲဌာနမှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဓမ္မပြုကျင့်ခံရသူမှာ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ရဲဌာနက ဆိုသည်။ သူမသည် တွံတေးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က ခင်ပွန်းသည်နှင့် စကားများ ရန်ဖြစ်ခဲ့သဖြင့် နှစ်နှစ်အရွယ်သမီးကိုခေါ်ကာ အခြားရွာတစ်ခုရှိ အစ်မဖြစ်သူ၏ နေအိမ်တွင် နေထိုင်နေ ခဲ့သည်ဟု ကာယကံရှင်က ထွက်ဆိုထားသည်။

၎င်းသည် စက်တင်ဘာ ၆ ရက်နေ့လည်က အစ်မဖြစ်သူ၏ အိပ်ခန်းထဲတွင် သူ့သမီးအပါအ၀င် တူမငယ် တို့နှင့်အတူ အိပ်ပျော်နေစဉ် အရက်မူးပြီး အပြင်မှ ပြန်လာသော အသက် ၅၁ နှစ်အရွယ် ခဲအိုက အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲအား ထွက်ဆိုချက်ပေးထားသည်။

သူမသည် ရုန်းကန်အော်ဟစ်သော်လည်း ခဲအိုဖြစ်သူက ပါးစပ်အားပိတ်ထားပြီး သိုင်းဖက်ထားခဲ့သဖြင့် သားမယား
ပြုကျင့်ခံရခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ ထို့နောက် ထွက်ပြေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။

ယခုအမှုကို တွံတေးမြို့နယ်ရဲစခန်းက အမှုအမှတ် (ပ)၃၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူကို ဖမ်းဆီးစစ်ဆေး လျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ပို့ သွားမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။

  Mizzima - News in Burmese

Friday, August 30, 2013

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို

ပြည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားတိုင်းသည် မိမိတို့ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက် တင်မြှောက်ခွင့် ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၉ အရ ပြန်လည် ရုပ်သိမ်းပိုင်ခွင့်လည်း ရှိသည့်အတွက် အဆိုပါ ဥပဒေ ကို ပြန်လည် ဆွေးနွေးရန် တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပေးပို့ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် တွင် ဆွေးနွေးရာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ က ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် တင်ပြချက်ကြောင့် ဆိုင်းငံ့ ထားခြင်း ဖြစ် သည်။

အဆိုပါဥပဒေကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆွေးနွေး အတည်ပြု သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးခဲ့သည်။

ယင်း ဥပဒေနှင့် ပတ်သက်၍ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အချို့ လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ထည့်သွင်း ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဆိုသည်။
The Voice
 

မြို့နယ်အလိုက် လျှပ်စစ်ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က ရယူ၊ ပဲခူးအရှေ့မြို့နယ် ၃၇ မြို့နယ် စလုံးကို အေးရှားဝေါလ် ကုမ္ပဏီက တစ်ဦးတည်း လုပ်ကိုင်ခွင့်ရရှိ

မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ မြို့နယ် ၃၇ ခုစလုံး၏ ပုဂ္ဂလိက အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိကြောင်း သိရသည်။

ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရှမ်းစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၈၄ ခုအား ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်မှ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နိုင်ငံတော် သမ္မတကလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co., Ltd အမည်ဖြင့်)၊ Ruby Dragon Con-struction၊ Capital Development၊ ဧဒင်စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ကဲ့သို့ ကုမ္ပဏီကြီးများ ပါဝင်ပြီး လက်ရှိအချိန်အထိ ဆိုပါက အေးရှားဝေါလ် ကုမ္ပဏီမှ မြို့နယ်အများဆုံး ဖြန့်ဖြူးခွင့် ရရှိထားသည်။

ပုဂ္ဂလိက ဓာတ်အားဖြန့်ဖြူးခွင့် ရရှိသည့် ကုမ္ပဏီများသည် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားအပြင် ဓာတ်အားလျော့နည်း ချိန်နှင့် ဓာတ်အား ပြတ်တောက်ချိန်တွင် အစားထိုးပေး နိုင်ရန်အတွက် အရန်ဓာတ်အား ထုတ်လုပ်ကာ ဖြန့်ဖြူးရမည်ဖြစ်ပြီး အရန်ဓာတ်အား စနစ်အား ရေအားလျှပ်စစ် သို့မဟုတ် ကျောက်မီးသွေးသုံး သို့မဟုတ် သဘာဝဓာတ်ငွေ့သုံး စက်ရုံစသည်ဖြင့် မည်သို့ထုတ်လုပ်မည်ကို တင်ပြထားကြရကြောင်း သိရသည်။ ပုဂ္ဂလိက ကုမ္ပဏီများအား အနည်းဆုံး ၁၅ နှစ်အထိ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေပြီး ပထမအကြိမ် ငါးနှစ်၊ နောက်ထပ် ငါးနှစ် နှစ်ကြိမ်အထိ ခွင့်ပြုပေးရန် စီစဉ်နေခြင်းဖြစ်သည်။

ပုဂ္ဂလိကသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်များ ချထားပေးသော်လည်း လက်ရှိအချိန်အထိ လျှပ်စစ်ဥပဒေမရှိ၊ အဓိက လိုအပ်သည့် ဓာတ်အားခ စံနှုန်းသတ်မှတ် ထားချက်များကို ထင်သာမြင်သာ ထုတ်ပြန်သတ်မှတ်ထားခြင်း မရှိသေးဘဲ စာချုပ်ဖြင့်သာ ခွင့်ပြုပေးနေခြင်း ဖြစ်သည်။

ယင်းအပြင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာမှ ကုမ္ပဏီများအား ဓာတ်အားပေး စက်ရုံများ မြှုပ်နှံခွင့် ပြုထားရာတွင် တစ်ယူနစ် ဓာတ်အားခနှုန်းမှာ ကျပ် ၁၃၀ ကျော် အထိပင် ကျသင့်မှုများ ရှိသည်ဟုလည်း သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းအား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းလိုက်သည့် အတွက် ယခင်ကထက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိ လာနိုင်သော်လည်း မီတာခမှာ မဖြစ်မနေ မြင့်တက်လာနိုင်သည်ဟု သိရသည်။

UMFCCI တွင် ဇူလိုင် ၃၁ ရက်က ကျင်းပသည့် လျှပ်စစ်ဆိုင်ရာ ဆွေးနွေးပွဲတွင်လည်း စက်မှုလုပ်ငန်းများ အနေဖြင့် ပုဂ္ဂလိက ဓာတ်အားပေးမှုများ ပြုလုပ်လာပါက လျှပ်စစ်မီး ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ သို့သော် ဓာတ်အားခမှာ ယခုနှုန်းဖြင့် ရမည်မဟုတ်ကြောင်း ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ထည့်သွင်း ပြောကြားသွားသည်။

ဝန်ကြီးဌာန အသီးသီးမှ နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းသည့် နည်းလမ်းဖြင့် လုပ်ကိုင်ရာတွင် လမ်းတံတားကြေး၊ စက်သုံးဆီလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ သယ်ယူပို့ဆောင်ရေး၊ ယခုအခါ လျှပ်စစ်ဓာတ်အား စသည်ဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လွှဲပြောင်းရာ၌ အရင်းအနှီး တောင့်တင်းနေသည့် ကုမ္ပဏီကြီးများသာ အများစု ရယူထားနိုင်သည်။

EMG

ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းထက်)

 

ကိုရီးယား သမ္မတ နိုင်ငံက မြန်မာ နိုင်ငံတွင် စံပြကျေးရွာများ ဖော်ဆောင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ကူညီ ပေးလျက်ရှိ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတ နိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီးံH.E.Mr. YOO  Jeong Bok ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုရီးယား သမ္မတ နိုင်ငံက မြန်မာ နိုင်ငံတွင် စံပြကျေးရွာများ ဖော်ဆောင်၍ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးကို ကူညီပေး လျက် ရှိသဖြင့် များစွာ ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေး အတွက်  ကဏ္ဍ များစွာတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆွေတော်၏ ယခု ခရီးစဉ်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူ ပြုမည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။
ကိုရီးယားသမ္မတ နိုင်ငံဝန်ကြီးက ယခုအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံမှု ပိုမို ကောင်းမွန်လာပြီး အထူးသဖြင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို အားကောင်း လာပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်  အလွန် အရေးကြီး ပါကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးမှသာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ နိုင်ငံကဖော်ဆောင် အောင်မြင်ခဲ့သော ကျေးရွာသစ် လှုပ်ရှားမှု အတွေ့အကြုံများကို   မြန်မာ ပြည်သူများသို့ လက်ဆင့်ကမ်း ပေးလျက်ရှိရာ မနက်ဖြန်တွင် ကျေးရွာသစ် လှုပ်ရှားမှု စင်တာ ဖွင့်လှစ် သွားမည် ဖြစ် ပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့ပြင် ကိုရီးယားနိုင်ငံမှ ဆမ်ဆောင်း ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်း ဆောင်ရွက်နေမှု၊ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနှင့် ဆက်သွယ်၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး တို့အတွက် ပူးပေါင်း ဆောင် ရွက်နေမှု၊ ကိုရီးယား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အမေရိကန် ဒေါ်လာသန်း  ၅ဝဝ ချေးငှားရန် သဘောတူညီခဲ့မှု၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် လုပ်ငန်းစဉ် (၈)ရပ် ချမှတ်၍ ဝန်ကြီးဌာန ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်နေမှု တို့နှင့် စပ်လျဉ်း ၍လည်း ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊  ဦးကျော်ဆန်း၊ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုရီးယား နိုင်ငံဝန်ကြီး ဦးဆောင်သော အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ် ကြီး တက်ရောက်သည်။  


မြန်မာနှင့် အမေရိကန် ကာကွယ်ရေး ၀န်ကြီးများ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံ

Friday, August 30, 2013

အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်နှင့် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့နှစ်ဦးသည် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ပင်တဂွန် အကြီးအကဲ ကာကွယ်ရေးဝန်ကြီး Hagel သည် အာရှပစိဖိတ်တွင် အမေရိကန်၏ အာရုံစိုက်မှုကို ပြသရန်အတွက် ဘရူနိုင်းနိုင်ငံတွင် တရုတ်အပါအ၀င် အာဆီယံ နိုင်ငံများမှ ကာကွယ်ရေး ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ သြဂုတ် ၂၈ ရက်တွင် ပင်တဂွန် အကြီးအကဲသည် ဂျပန်ကာကွယ်ရေး ၀န်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီး၊ မြန်မာကာကွယ်ရေး ၀န်ကြီးတို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေးပွဲတွင် တရုတ်နှင့် ပြဿနာ ဖြစ်ပွားနေသော အာဆီယံ နိုင်ငံများက တရုတ်အရေးနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုကို ဖော်ထုတ်ခဲ့ကြပြီး တရုတ်နိုင်ငံအား ပြစ်တင် ပြောကြားသည်။ ပင်တဂွန်ကလည်း အရှေ့တောင်အာရှ နိုင်ငံများအား သင်္ဘောများ၊ ရေဒါများနှင့် အခြားလုံခြုံရေး အထောက်အပံ့များ ထောက်ပံ့ရန်အတွက် ကမ်းလှမ်းခဲ့ပြီး တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံ၏ စစ်အင်အား တည်ဆောက်မှုကို ချိန်ခွင်လျှာညှိရန် ကြိုးပမ်းခဲ့သည်။ သို့သော် ပင်တဂွန် အကြီးအကဲက ဘီဘီစီ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားရာတွင် အမေရိကန်သည် တရုတ်အပါအ၀င် မည်သူ့ကိုမှ ဦးတည်ရန်လိုနေခြင်း မဟုတ်ကြောင်း ပြောကြားသည်။

ယခုအကြိမ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေး ၀န်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံ နိုင်ငံများမှ ကာကွယ်ရေး ၀န်ကြီးများအပြင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်တို့မှ ကာကွယ်ရေး ၀န်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Hagel သည် သြဂုတ် ၂၉ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ မထွက်ခွာမီ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် သီးခြားတွေ့ဆုံခဲ့သည်။ မြန်မာနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးတို့၏ ယခုတွေ့ဆုံမှုသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပြီး တွေ့ဆုံရာတွင် မည်သည့် အချက်များကို ဆွေးနွေးခဲ့သည် ဆိုသည့်အချက်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

မြန်မာနှင့် အမေရိကန်တို့သည် ၁၉၄၇ ခုနှစ်တွင် သံတမန် အဆက်အသွယ် စတင် ပြုလုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ အမေရိကန်၌ မြန်မာစစ်တပ် အရာရှိ ၁၀၀၀ ခန့် စစ်သင်တန်း တက်ရောက်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အနိုင်ရ NLD ပါတီကို အာဏာလွှဲပြောင်းပေးရန် စစ်တပ်က ငြင်းဆန်ခဲ့ပြီးနောက် သံတမန် ဆက်ဆံရေးကို အမေရိကန်ဘက်က အဆင့်နှိမ့်ခဲ့ပြီး စစ်ရေး၊ စီးပွားရေး အကူအညီများလည်း ရပ်ဆိုင်းခဲ့သည်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချပေးခဲ့ရာ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု အလားအလာများလည်း မြင့်တက်လာခဲ့သည်။

မကြာသေးမီ အချိန်ကလည်း အမေရိကန် လွှတ်တော်အမတ် မက်ကောနယ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အထောက်အကူ ပြုနိုင်ရန်အတွက် မြန်မာစစ်တပ်နှင့် အမေရိကန် စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

Eleven Media Group

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်
Friday, August 30, 2013

မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ သူတွေကို ရွေးချယ်ပြီးတော့ စက်တင်ဘာလမှာ သင်တန်းပေးပြီး ခန့်အပ်သွားမယ်။ ဒါ့အပြင် နောက်လမှာ ရဲဗဟို လေ့ကျင့်ရေး ကျောင်းကနေ သင်တန်းဆင်းမယ့် ဒုရဲအုပ် ရဲမေတွေထဲက ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှုပေးဖို့ စိတ်ဓာတ် အမှန်တကယ်ရှိတဲ့ ရဲမေအယောက် လေးဆယ်ကိုလည်း ခန့်သွားဖို့ စီစဉ်နေပါ တယ်'' ဟု ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။

စက်တင်ဘာလ အတွင်း သင်တန်းပေးသွားမည့် ရဲမေများမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ၊ အရပ်ငါးပေ လေးလက်မ အနည်းဆုံးရှိသူ၊ အိမ်ထောင်မရှိသူ၊ မျက်မှန်တပ်ဆင် မထားသူ၊ ရုပ်ရည်အသင့် အတင့်ရှိသူ စသည်တို့နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရည်ချောမော ပြေပြစ်သည့် ရဲမေများကို ဦးစားပေး ခန့်သွားမည်နှင့် ပတ်သက်၍ ရဲမှူးကြီးကျော်ထွေးက ''အဓိကကတော့ နေ့စဉ် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လမ်း အသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ လမ်းလျှောက်သူတွေ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အသစ်အရ ရဲမေအင်အား ၆၀၀ ကျော် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိအင်အားမှာ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

Eleven Media Group

ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
 

Thursday, August 29, 2013

စည်ပင်သန့်ရှင်းရေး ၀န်ထမ်းများ အမှိုက်အတွင်း ပစ္စည်းရှာပါက အလုပ်မှ ထုတ်ပစ်သည်အထိ အရေးယူမည်

ရန်ကုန်မြို့တော် အတွင်းရှိ စည်ပင် သာယာရေး ကော်မတီမှ သန့်ရှင်းရေး ဝန်ထမ်းများ အနေဖြင့် စွန့်ပစ်အမှိုက် များအတွင်း ပစ္စည်းရှာပါက အလုပ်မှ ထုတ်ပယ် ခံရသည်အထိ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ စုံစမ်း သိရှိရသည်။

ယခင်က သန့်ရှင်းရေး ဝန်ထမ်းများ အနေဖြင့် တစ်ဖက် တစ်လမ်းမှ ဝင်ငွေ ရရှိစေရေး အတွက် ခွင့်ပြုပေးထားခဲ့ သော်လည်း ယခုအခါတွင် အလုပ်ပြီး မြောက်မှု အပိုင်းတွင် အားနည်းမည် စိုးရိမ် သောကြောင့် တားမြစ် ထားကြောင်း ၊ သို့သော်လည်း အမှိုက်များ အတွင်းမှ ပြန်လည် ရောင်းချ နိုင်သည့် ပစ္စည်းများ ရှာဖွေလိုပါက နောက်ဆုံး စွန့်ပစ် အမှိုက်ပုံ များ၌ ရွေးချယ် ခွင့်ပြု ထားကြောင်း သိရှိရသည်။

'' အလုပ်ချိန် လစ်ဟင်းမှုတွေ မဖြစ်အောင် လုပ်ရတာ ၊ နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွေ မှာတော့ ရှာပါ ၊ အမှိုက်သိမ်း နေစဉ်မှာ ရှာရင်တော့ အရေးယူ မှာပါ ... ''ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အမှိုက် တစ်တန်လျှင် သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် ငွေကျပ် ၄၀၀၀ ကျော် ရရှိကြောင်း ၊ အမှိုက်တစ်တန် သိမ်းဆည်းရန် ကုန်ကျ စရိတ်သည် ငွေကျပ် ၂၇၆၇၈ ကျပ် ဖြစ်သောကြောင့် ဌာန အနေဖြင့် အရှုံးခံ၍ အများပြည်သူ အဆင်ပြေစေရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် ရန်ကုန်မြို့တွင်း ကောက်ခံ ရရှိမှုသည် ငွေကျပ် လေးသိန်းခွဲ ခန့်သာ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ နေ့ဆိုင်း သန့်ရှင်းရေး ဝန်ထမ်း ၂၁ဝဝ နှင့် ညဆိုင်း သန့်ရှင်းရေး ဝန်ထမ်း ၁၂၇၉ ဦး စုစုပေါင်း ၃၃၇၉ ဦးဖြင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေကြောင်း၊ နေ့စဉ် အမှိုက် တန်ချိန် ၁၅၄၉ ကျော် သိမ်းဆည်း နိုင်ပြီး နေ့စဉ် အမှိုက် ထွက်ရှိမှု တန်ချိန် ၁၆၉ဝ ခန့်ရှိကြောင်း သိရှိ ရသည်။

The Myawady Daily