Thursday, August 29, 2013

စည်ပင်သန့်ရှင်းရေး ၀န်ထမ်းများ အမှိုက်အတွင်း ပစ္စည်းရှာပါက အလုပ်မှ ထုတ်ပစ်သည်အထိ အရေးယူမည်

ရန်ကုန်မြို့တော် အတွင်းရှိ စည်ပင် သာယာရေး ကော်မတီမှ သန့်ရှင်းရေး ဝန်ထမ်းများ အနေဖြင့် စွန့်ပစ်အမှိုက် များအတွင်း ပစ္စည်းရှာပါက အလုပ်မှ ထုတ်ပယ် ခံရသည်အထိ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ စုံစမ်း သိရှိရသည်။

ယခင်က သန့်ရှင်းရေး ဝန်ထမ်းများ အနေဖြင့် တစ်ဖက် တစ်လမ်းမှ ဝင်ငွေ ရရှိစေရေး အတွက် ခွင့်ပြုပေးထားခဲ့ သော်လည်း ယခုအခါတွင် အလုပ်ပြီး မြောက်မှု အပိုင်းတွင် အားနည်းမည် စိုးရိမ် သောကြောင့် တားမြစ် ထားကြောင်း ၊ သို့သော်လည်း အမှိုက်များ အတွင်းမှ ပြန်လည် ရောင်းချ နိုင်သည့် ပစ္စည်းများ ရှာဖွေလိုပါက နောက်ဆုံး စွန့်ပစ် အမှိုက်ပုံ များ၌ ရွေးချယ် ခွင့်ပြု ထားကြောင်း သိရှိရသည်။

'' အလုပ်ချိန် လစ်ဟင်းမှုတွေ မဖြစ်အောင် လုပ်ရတာ ၊ နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွေ မှာတော့ ရှာပါ ၊ အမှိုက်သိမ်း နေစဉ်မှာ ရှာရင်တော့ အရေးယူ မှာပါ ... ''ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အမှိုက် တစ်တန်လျှင် သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် ငွေကျပ် ၄၀၀၀ ကျော် ရရှိကြောင်း ၊ အမှိုက်တစ်တန် သိမ်းဆည်းရန် ကုန်ကျ စရိတ်သည် ငွေကျပ် ၂၇၆၇၈ ကျပ် ဖြစ်သောကြောင့် ဌာန အနေဖြင့် အရှုံးခံ၍ အများပြည်သူ အဆင်ပြေစေရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် ရန်ကုန်မြို့တွင်း ကောက်ခံ ရရှိမှုသည် ငွေကျပ် လေးသိန်းခွဲ ခန့်သာ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ နေ့ဆိုင်း သန့်ရှင်းရေး ဝန်ထမ်း ၂၁ဝဝ နှင့် ညဆိုင်း သန့်ရှင်းရေး ဝန်ထမ်း ၁၂၇၉ ဦး စုစုပေါင်း ၃၃၇၉ ဦးဖြင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေကြောင်း၊ နေ့စဉ် အမှိုက် တန်ချိန် ၁၅၄၉ ကျော် သိမ်းဆည်း နိုင်ပြီး နေ့စဉ် အမှိုက် ထွက်ရှိမှု တန်ချိန် ၁၆၉ဝ ခန့်ရှိကြောင်း သိရှိ ရသည်။

The Myawady Daily

0 comments:

Post a Comment