ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးမြို့တော် စီမံကိန်းဖြစ်သည့် မင်းဓမ္မစီမံကိန်းတွင် ပါဝင်သည့် မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်မြို့၏ ဒုတိယ စီးပွားရေးမြို့တော် စီမံကိန်းဖြစ်သည့် မင်းဓမ္မ
စီမံကိန်းအတွက် ဂျပန်နိုင်ငံထံမှ ဒီဇိုင်းနှင့် အခြားအကူအညီများ ရယူရန်
မူလကတည်းက သဘောတူညီမှု မရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဌာနမှူး ဦးတိုးအောင်က သြဂုတ် ၂၇
ရက်တွင် ဆိုသည်။
"မင်းဓမ္မ စီမံကိန်းအတွက်ကို ဂျပန်က
ဒီဇိုင်းဆွဲတာနဲ့ အခြားအကူအညီတွေ ပေးအပ်တာကို ရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။
အရင်ကတည်းက ဂျပန်က ကူညီပေးထားတာ မရှိပါဘူး။ ဂျပန်က စီမံကိန်းတွက်ကို မူလက
သူတို့လုပ်ငန်းရှင်တွေနဲ့ပဲ သူတို့လုပ်ဖို့ ပြောခဲ့သေးတယ်။
ကျွန်တော်တို့ဘက်ကတော့ ဂျပန်က ကူသည်ဖြစ်စေ၊ မကူသည်ဖြစ်စေ ကျွန်တော်တို့
လုပ်ငန်းရှင်တွေနဲ့ပဲ လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း တင်ဒါခေါ်ပြီး
လုပ်သွားမှာပါ" ဟု ဦးတိုးအောင်က ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် လက်ရှိမြို့လယ် စီးပွားရေး ဗဟိုဌာနဖြစ်သည့်
ဆူးလေအနီးတစ်ဝိုက်မှာ ယာဉ်သွားလာမှု၊ လူနေထိုင်မှုများ သိပ်သည်းကျပ်တည်း
လာခြင်းကြောင့် တိုးပွားလာမည့် လူဦးရေအတွက် ဒုတိယမြို့လယ် စီးပွားရေး
ဗဟိုဌာန မြို့တော်ခွဲထုတ်ရန် မဖြစ်မနေ လိုအပ်လာသည့် အခြေအနေ
ဖြစ်လာသည့်အတွက် မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်၊
မင်းဓမ္မစီမံကိန်းကို အကောင်အထည် ဖော်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။ ဒုတိယ စီးပွားရေးမြို့တော် မင်းဓမ္မ စီမံကိန်းအတွက်
အမြန်စတင်နိုင်ရန် စီစဉ်ခဲ့သော်လည်း တစ်ဖက်တွင် ရွှေ့ပြောင်းရန်
ညွှန်ကြားထားသည့် မင်းဓမ္မပန်းကွင်းမှ ဈေးသည်များနှင့် ပြေလည်မှု
မရရှိသေးခြင်းနှင့် စီမံကိန်းလုပ်မည့် မြေနေရာမှာ စည်ပင်ပိုင်မြေ တစ်ခုတည်း
မဟုတ်ဘဲ အခြားဝန်ကြီးဌာနအချို့ပိုင် မြေများလည်း ပါဝင်နေခြင်းကြောင့်
ပြန်လည်ညှိနှိုင်းနေရာ ယင်းအတွက် စီမံကိန်း တင်ဒါခေါ်ရန်
မစနိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြေလည်မှု
မရရှိသေးသည့် ညှိနှိုင်းမှုများကြောင့်လည်း ဂျပန်မှ ကူညီမှုများကို ဆက်ပေးရန်
ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
"မင်းဓမ္မ
စီမံကိန်းမြေနေရာမှာ လယ်ဆည်ဝန်ကြီးဌာနမြေ၊ ကာကွယ်ရေးဝန်ကြီးဌာနမြေတွေ
ပါဝင်နေတဲ့အတွက် ညှိနှိုင်းနေတုန်းမို့လို့ဖြစ်လို့ တင်ဒါမခေါ်နိုင် သေးတာပါ။
အခြားကိစ္စတွေကြောင့် မရှိပါဘူး" ဟု ဦးတိုးအောင်က ပြောကြားသည်။
ဒုတိယ စီးပွားရေးမြို့တော် စီမံကိန်းကို မြေအကျယ်အ၀န်း ဧက ၄၀၀ ကျော်ပေါ်တွင်
တည်ဆောက်သွားရန် စီစဉ်ထားပြီး ယင်းအတွက် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ
သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်၊ ရှော့ပင်းမောလ်များ၊
အဆင့်မြင့် လူနေအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါနေရာတွင်
ဝင်ထွက်သည့် လမ်းများအား ကောင်းမွန်အောင် ပြုလုပ်ပေးမည့်အပြင်
သီးသန့်ကားလမ်းကြောင်း ပြေးဆွဲစေရန် လျာထားသည်။
မင်းဓမ္မပန်းကွင်းမှ ပန်းဆိုင်ပိုင်ရှင်များနှင့် ပြေလည်မှု မရှိခြင်းမှာလည်း
သြဂုတ် ၂ ရက်တွင် စည်ပင်မှ ၀န်ထမ်းအင်အား ၆၀၀ ခန့်ဖြင့် ပန်းကွင်းပတ်လည်
ခြံစည်းရိုးခတ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဖြစ်သည်။
EMG
Thursday, August 29, 2013
ရန်ကုန်မြို့၏ ဒုတိယ စီးပွားရေးမြို့တော် မင်းဓမ္မ စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ဒီဇိုင်းနှင့် အခြားအကူအညီယူရန် သဘောတူထားခြင်း မရှိဘဲ မိမိတို့ အစီအစဉ်ဖြင့်သာ ပြုလုပ်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment